ဒုက္ခသည်အများစု ဘင်္ဂလားဒေ့ရှ် ကလို့ အင်ဒိုနီးရှား ယုံကြည်


2015.05.23
bangladesh-refugees-200-305 ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းလှေစီးဒုက္ခသည်များ ကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာ မှာ တွေ့ရစဉ်
Photo: Min Thein Aung/ RFA

အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲက ရွှေ့ပြောင်းလှေ စီး ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလာသူတွေဖြစ်တယ် လို့ ယုံကြည်ကြောင်း အင်ဒိုနိးရှားနိုင်ငံက ပြောဆို တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop က ပြောပါတယ်။

အင်ဒိုနီးရှား အစိုးရ အထွေထွေရေးရာဌာန ညွှန် ကြားရေးမှူးချုပ် Hasan Kleib က ပြောဆိုခဲ့တာလို့ ဆိုပါတယ်။

အန်ဒမန်ပင်လယ်ပြင်မှာ အခုလောလော ဆယ် လှေတွေနဲ့မျောနေကြသူပေါင်း ၇ဝဝဝ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားကြရာမှာ အဲ့ဒီထဲက ၃ဝ ကနေ ၄ဝ ရာနှုန်းသာ ရိုဟင်ဂျာတွေဖြစ်ဖွယ်ရှိပြီး၊ ကျန်တဲ့သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်တယ်လို့ အင်ဒိုနီးရှားက ပြောဆိုကြောင်း၊ အဲ့ဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဟာ နိုင်ငံရေးခိုလှုံဖို့လည်းမဟုတ်၊ ဒုက္ခသည်တွေလည်း မဟုတ်ဘဲ မလေးရှားမှာ တရားမဝင် အလုပ်သမားတွေ အဖြစ် အလုပ်လုပ်ဖို့ လာခဲ့ကြသူတွေသာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်လာခဲ့ကြတဲ့ ရိုဟင်ဂျာတွေနဲ့ အလုပ်ရှာဖို့ ထွက်လာခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ရောထွေးနေတယ်လို့ အင်ဒိုနီးရှားက ယုံကြည်နေကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘစ်ရှော့ က Weekend Australian သတင်းစာ ကို ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း အရှေ့တောင်အာရှ ပင်လယ်ပြင်ထဲက ရွှေ့ပြောင်းလှေစီးဒုက္ခသည်တွေရဲ့ အသက်ကို ကယ်တင်ရေးဟာ ထိပ်တန်းထားဦးစားပေး ဆောင်ရွက်ကြရမယ့် အဓိကအရေးအကြီးဆုံး အလုပ်ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ရောက်ရှိနေစဉ်အတွင်း ပြော လိုက်တာပါ။

ဒါ့ပြင် မြန်မာ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေအနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ လူတွေအစုလိုက် အပြုံလိုက် နေရာရွှေ့ပြောင်းနေကြတဲ့ အကြောင်းရင်းဇစ်မြစ်တွေကို ဒီလကုန်ပိုင်း ထိုင်းနိုင်ငံမှာကျင်းပမယ့် အစည်းဝေးပွဲမှာ ဆွေးနွေးအဖြေရှာကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း မြန်မာအနေနဲ့ လှေစီးဒုက္ခသည် ပြဿနာဖြေရှင်းရာမှာ ပါဝင်တာဝန်ယူဖို့ မနေ့က တိုက်တွန်းခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အမေရိကန် အစိုးရအနေနဲ့ ဒုက္ခသည်တွေကို လေကြောင်းကနေ ရှာဖွေရာမှာ ကူညီဖို့အသင့်ရှိကြောင်း ဒေသတွင်းနိုင်ငံတွေကို ကမ်းလှမ်းထားပြီး၊ ခွင့်ပြုချက်တွေရဖို့ စောင့်ဆိုင်းနေကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။