လွတ်မြောက်လာသူ ရခိုင်ငါးဖမ်းသမား ၁၅ ဦး စစ်တွေမြို့ကို ရောက်ရှိ
2014.08.22

ထိုင်းနိုင်ငံက ငါးဖမ်းသင်္ဘောတစ်စီးမှာ ရောင်းစား ခံရတဲ့ ရခိုင်ပြည်နယ် မြေပုံနဲ့ အမ်းမြို့နယ်က အမျိုးသား ၁၅ ဦးဟာ အင်ဒိုနီးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် နိုင်ငံတကာ ရွှေ့ပြောင်းသူများဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ( IOM) ရဲ့ အကူအညီ နဲ့ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်လာသူ ၁၅ ဦးဟာ ဒီနေ့ စစ်တွေမြို့မှာ သတင်းသမားတွေနဲ့တွေ့ဆုံပြီး သူတို့ရဲ့ အခြေအနေတွေကို ပြောပြရာ အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာက ဦးမောင်မြင့်စိုးက အခု လို ပြောပါတယ်။
"၆ လပိုင်း ၂၉ ရက်နေ့ပြည့်တဲ့နေ့၊့ ၂၉ ရက်ပြည့် ပြီးတာနဲ့ ကျနော်တို့ဟာ လေယာဉ်ကွင်းတောင်ထိပ်ကို တောထဲမှာ ပုန်းအောင်းနေရတာပေါ့နော်၊ ဖုန်းတစ်လုံးပါသွားတာနဲ့ အဲ့ဒီက ကိုညီညီ ဆိုတဲ့လူကို အကူအညီတောင်းတယ်၊ သူက မော်လမြိုင်ကို အဆက်အသွယ်လုပ်ပေးတယ်၊ ကျနော်တို့လည်း ထမင်းမစားရဘူး ၆ ရက်ကျော်ပြီ၊ ကျနော်တို့ကိုလည်း နည်းနည်းပါးပါး စားဝတ်နေရေးတွေကိုလည်း အဆင်ပြေအောင်လုပ်ပေးပါဆိုတော့ သူကခိုးချောင် ခိုးဝှက်နဲ့ ကျနော်တို့ကို အကူအညီပေးတယ် ထမင်း၊ သူက ဂျာကာတာမြို့တော် သံအမတ်ကြီးကို အကူအညီတောင်းတယ်၊ အဲ့ဒီက အဖွဲ့အစည်းနဲ့ပေါင်းပြီး ကျနော်တို့ကို လာကြိုတယ်၊ အဲ့ဒီကနေပြီး ကျနော်တို့ အဲ့ဒါနဲ့ အောင်အောင်မြင်မြင် ရောက်ရှိလာတာပါ"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြေပုံမြို့နယ် သရက်တောင်ရွာခံအမျိုးသမီးတစ်ဦးက တစ်လကို ငွေကျပ် ၄သိန်း ရမယ်ဆိုပြီး မြေပုံနဲ့ အမ်းမြို့နယ်က ဒေသခံအမျိုးသား ၁၅ ဦးကို ထိုင်းနိုင်ငံ မဟာချိုင်ကနေတစ်ဆင့် ထိုင်းငါးဖမ်းသင်္ဘောတစ်စီး မှာ ရောင်းစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီငါးဖမ်းသင်္ဘောဟာ အင်ဒိုနီးရှားနိုင်ငံရေပိုင်နက်အတွင်း ငါးဖမ်းနေတာဖြစ်ပြီး ၈ လလောက် အကြာမှာ အမ်မို ဆိပ်ကမ်းကို ဆိုက်ကပ်စဉ် အဲဒီသင်္ဘောပေါ်ကနေထွက်ပြေးပြီး အမ်မိုမြို့လေယာဉ် ကွင်းအနီးက တောထဲမှာ ၆ ရက်လောက် အစာငတ်ခံပုန်းအောင်းနေရာက မြန်မာသံရုံးနဲ့ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အကူအညီနဲ့ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအမျိုးသား ၁၅ ဦးကို အင်ဒိုနီးရှားနိုင်ငံအခြေစိုက် IOM က အင်ဒိုနီးရှားနိုင်ငံမှာ နှစ်လကြာထိန်း သိမ်းစောင့်ရှောက်ခဲ့ပြီး ဒီနေ့မှာ ရခိုင်ပြည်နယ်ကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။