ပဲဈေးနှုန်းထိန်းနိုင်ဖို့ ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ ထားရှိမည်
ပဲဈေးနှုန်းတွေ အဆမတန် ကျဆင်းမသွားစေဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀ (တစ်ရာ) ရှိတဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
-
2017-08-31 -
-
-
ပဲဈေးနှုန်းတွေ အဆမတန် ကျဆင်းမသွားစေဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀ ရှိတဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
ကျဆင်းနေတဲ့ ပဲဈေးနှုန်းကို ထိန်းနိုင်ဖို့အတွက် ရန်ပုံငွေ ထူထောင်မယ့်ကိစ္စကို အလျင်အမြန်ဆောင်ရွက်မှာဖြစ် တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
"အိန္ဒိယဘက်က အဝယ်ရပ်သွားတဲ့အတွက် အိန္ဒိယဘက်ကို အဓိကသွားတဲ့ပဲတွေက မသွားတဲ့အခါကြတော့ ပြည်တွင်းမှာ ဝယ်လိုအားထက် ရောင်းလိုအားပိုများတယ်။ များတဲ့အခါကြတော့ ဈေးတွေကထိုးဆင်းတယ်။ ဈေးတွေကတော်တော်ကျတယ်၊ အဲ့ဒါနဲ့ ကျနော်တို့ဘက်ကနေပြီးတော့ ဒီသတ်မှတ်ဈေးတစ်ခုနဲ့ ထပ်မကျအောင် ထိန်းချင်တယ်ဆိုပြီးတော့ ထိန်းမှရမယ်ဆိုပြီး နိုင်ငံတော်ကလည်း ကူညီပေးမယ်ဆိုတာလည်းရှိတော့ လတ်တလော ကျနော်တို့ ကုန်သည်တွေကတော့ အမြန်ပေါ့နော်၊ ဒီရက်ပိုင်းအတွင်းကို ငွေမြန်မြန်စုပြီး လုပ်ထားမယ်၊ ဈေးတစ်ခုကိုသတ်မှတ်ပြီး အဲဒီဈေးအောက်ကိုတော့ အဆင်းမခံတော့ဘူး၊ နို့မို့ဆိုရင် ကစဉ့်ကလျားဖြစ်ပြီးတော့ အကုန်ဈေးတွေက ဆိုးဆိုးဝါးဝါးဆင်းသွားမှာမျိုး တွေ့နေရလို့လေ"
ရန်ပုံငွေအနေနဲ့ ပဲကုန်သည်တွေက ငွေကျပ် ဘီလီယံ ၅၀ ထည့်ဝင်မှာဖြစ်ပြီး အစိုးရက ငွေကျပ် ဘီလီယံ ၅၀ ထည့်ဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးနေတဲ့ ပဲစင်းငုံ၊ မတ်ပဲတို့ဟာ အိန္ဒိယနိုင်ငံဈေးကွက်ကို ရာခိုင်နှုန်း ၉၀ ကျော်လောက်က အဓိကထားတင်ပို့နေရတာဖြစ်ပြီး အရင်က တစ်နှစ်ကို တန်ချိန် ၁ သန်းဝန်းကျင် ပုံမှန်တင်ပို့နေရတာဖြစ်ပါတယ်။
ဒါပေမဲ့ သြဂုတ်လဆန်းမှာတော့ အိန္ဒိယနိုင်ငံအနေနဲ့ ပဲစင်းငုံတန်ချိန်၂ သိန်း၊ ပဲတီစိမ်းနဲ့ မတ်ပဲ တန်ချိန် ၃ သိန်းသာ ဝယ်ယူတော့မယ်လို့ ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံက အဲဒီလို ဝယ်ယူမှု ကန့်သတ်လိုက်တဲ့အတွက် ပြည်တွင်းပဲဈေးကွက်မှာ မတ်ပဲတစ်တန်ကို အရင်ကထက် ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ဝန်းကျင်နဲ့ ပဲစင်းငုံတစ်တန်ကို ၂ သိန်း ဝန်းကျင်လောက် ဈေးနှုန်းကျဆင်းနေတာဖြစ်ပါတယ်။
ဈေးနှုန်းတွေ ထပ်ပြီးမကျဆင်းစေဖို့အတွက် ကုန်သည်လုပ်ငန်းရှင်တွေနဲ့ အစိုးရက ရန်ပုံငွေ ထူထောင်ပြီး မတ်ပဲတစ်တန်ကို ကျပ် ငါးသိန်း၊ ပဲစင်းငုံတစ်တန်ကို ကျပ်လေးသိန်းနဲ့ ဝယ်ယူပေးသွားမယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
လက်ရှိအချိန် ပဲဈေးကွက်မှာ လက်ကျန်အနေနဲ့ မတ်ပဲတန်ချိန် သုံးသိန်းဝန်းကျင်နဲ့ ပဲစင်းငုံတန်ချိန် ၇ သောင်းနဲ့ တစ်သိန်းကြား ဝန်းကျင်ကျန်ရှိနေတာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလထဲမှာလည်း ပဲစင်းငုံ တန်ချိန် သုံးသိန်းဝန်းကျင်လောက် ထွက်လာဖို့ ရှိနေသေးတယ်လို့ ပြောပါတယ်။
လတ်တလော အိန္ဒိယက ပဲအဝယ်မရှိပေမယ့် ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးက ပဲကုန်စည်ဒိုင်တွေလည်း သြဂုတ်လ ၂၈ ရက်နေ့က ပြန်ဖွင့်နေပြီး ပြည်တွင်းဈေးကွက်အနေနဲ့ အရောင်းအဝယ် လုပ်နေကြတယ်လို့ သိရပါတယ်။