စက်တင်ဘာ ၁၅ ရက်ကစပြီး ပဲမျိုးစုံတင်သွင်းခွင့် ယာယီရပ်ဆိုင်း

ပြည်တွင်းပဲဈေးကွက် တည်ငြိမ်စေဖို့အတွက် ပြည်ပကနေ ပဲမျိုးစုံတင်သွင်းခွင့်ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံခြားကိုတင်ပို့ရောင်းချမယ့် မြန်မာ့ပဲတစ်မျိုးကို တွေ့ရစဉ်

ပြည်တွင်းပဲဈေးကွက် တည်ငြိမ်စေဖို့အတွက် ပြည်ပကနေ ပဲမျိုးစုံတင်သွင်းခွင့်ကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။

အိန္ဒိယနိုင်ငံက ပဲဝယ်ယူမှုကို ပြီးခဲ့တဲ့လကစပြီး ကန့်သတ်လိုက်တဲ့အတွက် ပြည်တွင်းမှာ ပဲလက်ကျန်တွေလည်း ရှိနေပြီး ပဲဈေးနှုန်းတွေကျနေတာကြောင့် ပဲတင်သွင်းခွင့်ပြုထားတာတွေကို ယာယီရပ်ဆိုင်းလိုက်တာလို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်။

"ပဲဈေးတွေကလည်း အိန္ဒိယက ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ပဲဈေးတွေကလည်း ကျနေတယ်၊ ဒါကြောင့်မို့လည်း မြန်မာပြည်မှာလည်း ပဲလက်ကျန်များတဲ့အတွက်ကြောင့် ပြည်တွင်းမှာ မြန်မာပြည်က ထွက်တဲ့ပဲတွေ ပိုစားသုံးနိုင်အောင်ဆိုတာရယ် လက်ကျန်လည်းရှိနေတဲ့အတွက်ကြောင့် ပဲတင်သွင်းမှုကို ယာယီရပ်ဆိုင်းလိုက်တာပါ"

အရင်က ပြည်တွင်းပဲဈေးနှုန်းထက် သက်သာတဲ့ ပဲတချို့ကို ပြည်ပကနေ တင်သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။

ပြည်တွင်းမှာ စားတော်ပဲ တစ်တန်ကို အမေရိကန်ဒေါ်လာ တစ်ထောင်ကျော်ဈေးရှိပြီး စားတော်ပဲနဲ့ အရသာတူတဲ့ ကနေဒါနိုင်ငံက Yellow pea အမည်ရှိတဲ့ ပဲဟာ တစ်တန်ကို အမေရိကန်ဒေါ်လာ သုံးရာဝန်းကျင်သာရှိတာကြောင့် ပြည်တွင်းက စားတော်ပဲအစားထိုးအနေနဲ့ တင်သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။

ဒါပေမဲ့ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ကနေဒါနိုင်ငံအပါအဝင် တခြားပြည်ပနိုင်ငံတွေကနေ ပဲတင်သွင်းတာတွေကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေကနေ ပဲတင်သွင်းမှုက ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ တန်ချိန် ၇ သောင်းဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းပဲဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံ တန်ချိန် လေးသိန်းလောက်ကျန်ရှိနေပြီး စက်တင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် ပြည်ပကနေ တင်သွင်းဖို့ တင်သွင်းခွင့် လိုင်စင်လျှောက်ထားလာတာတွေကိုလည်း သင်္ဘောတင် အထောက်အထားပါရှိမှသာ ခွင့်ပြုသွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အရင်က ခွင့်ပြုခဲ့တဲ့ ပဲမျိုးစုံတင်သွင်းခွင့်လိုင်စင်တွေအပေါ် သက်တမ်းတိုးတာကိုလည်း စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။

ပြည်ပကနေ ပဲမျိုးစုံတင်သွင်းခွင့် ယာယီရပ်ဆိုင်းထားတာကို ဘယ်အချိန်မှာပြန်လည် တင်သွင်းခွင့်ပြုမယ်ဆိုတာ အချိန်ကာလ သတ်မှတ်ထားတာမရှိဘဲ  ပြည်တွင်းလိုအပ်ချက်အပေါ် မူတည်ပြီး ပြန်လည်သုံးသပ်သွားမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org