ဘီဘီစီ သတင်းထောက် လွတ်ပြီ
2016.07.21

တာဝန်ချိန် သာမန်နာကျင်စေမှုနဲ့ ထောင်ဒဏ် ၃ လ ကျခံနေရတဲ့ BBC သတင်းထောက် ကိုနေမျိုးလင်း ဟာ အမှုအယူခံရခဲ့တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာပါတယ်။
အခင်းဖြစ်စဉ်က သူ့အနေနဲ့ အပြစ်မရှိဘဲ အရေးယူခံခဲ့ရတာဖြစ်တယ်လို့ ကိုနေမျိုးလင်း က ပြောပါတယ်။
"တကယ်တန်း အပြစ်ရှိတာက ဗကသကျောင်းသားလေးကို ဆိုင်ကယ်ဆွဲလှဲတဲ့ ဒုတပ်ကြပ်အပေါ်မှာ အပြစ်ရှိ တယ်၊ သူ့ကို အရေးမယူတဲ့အပေါ် ရဲတပ်ဖွဲ့ရဲ့ အားနည်းချက်ဖြစ်မယ်၊ တကယ်တန်း မျှတစေချင်တယ်ဆိုရင် ကျနော့်ကို လွှတ်ပေးသလို ဒုတပ်ကြပ်ကိုလည်း အရေးယူပေးသင့်ပါတယ်၊ ခုလောလောဆယ် ထောင်ထဲ အခြေအနေကတော့ ရက် ၁ဝဝ စီမံကိန်းကြောင့် ရက် ၁ဝဝ က မသက်မသာဖြစ်နေတယ်၊ ထောင်ထဲမှာ လူက ၆၂ဝဝ ကျော်ဖြစ်တယ်၊ လူချင်းက အဆောင်တစ်ဆောင်မှာဆိုရင် တကယ်တန်းဆံ့တာက ၈ဝ၊ ၉ဝ လောက်ဆံ့တဲ့ အခန်းထဲမှာ လူ ၁၆၀ လောက်နေနေရတယ်"
မနှစ်က မတ်လ ၂၇ ရက်နေ့မှာ မန္တလေးဗကသကျောင်းသားတွေက ဒီမိုကရေစီပညာရေး သပိတ်မှောက် ကျောင်း သားတွေပြန်လွှတ်ပေးဖို့ ဆန္ဒပြကြရာမှာ ရဲနဲ့ ကျောင်းသားတွေ အပြန်အလှန်ရုန်းရင်း ဆန်ခတ်ဖြစ်နေချိန် ရဲတပ် ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒုတပ်ကြပ် တစ်ဦးကို ကိုနေမျိုးလင်းက ကိုယ်ထိလက်ရောက် ကျူးလွန်လို့ဆိုပြီး တရားစွဲခံခဲ့ရ တာဖြစ်ပါတယ်။
ကိုနေမျိုးလင်းကို တာဝန်ချိန် သာမန်နာကျင်စေမှု ပုဒ်မ ၃၃၂ အရ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့မှာ အလုပ်နဲ့ထောင်ဒဏ် ၃ လ ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအတွက် ရဲနဲ့မီဒီယာအကြား ပြေလည်သင့်မြတ်မှုတွေကို ထိခိုက်မှုမရှိစေရေးအတွက် သက်ညာစွာပြန်လည် စဉ်းစားပေးဖို့ မန္တလေးခရိုင်တရားရုံးကို အယူခံတင်ခဲ့ရာမှာ ထောင်ဒဏ် ၃ လ ကို ၁ လနဲ့ ၁၅ ရက်ဆို ပြီး လျော့ပေါ့ပြင်ဆင် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။
ကိုနေမျိုးလင်းဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ၁ လခွဲလောက် အပြစ်ကျခံခဲ့ရတာဖြစ်ပါတယ်။