ကရင်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ၃၀၀ ခန့် ထိုင်းနိုင်ငံဘက်ထွက်ပြေးရ

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် မော်ခီးဒေသရှိ ကော်ဆဲဒေသခံပြည်သူများကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် မော်ခီးဒေသရှိ ကော်ဆဲဒေသခံပြည်သူများကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ် (Photo: Moe Aung)

ကရင်ပြည်နယ်မှာ မတ်လ ၂၁ ရက်က KNU လက်ထဲကျသွားတဲ့ မောခီးအခြေစိုက်စခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာအပြင် စစ်ကြောင်း ပြန်ထိုးလာတဲ့ အတွက် ဒီကနေ့ KNU လက်အောက်ခံ KNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ မောခီးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဝေါလေဒေသ၊ ကရင်ပြည်နယ် မြဝတီခရိုင်ထဲက မောခီးကျေးရွာအနီးက အခြေစိုက်စခန်း ပြန်ရဖို့ မနေ့က ညနေပိုင်းကစပြီး စစ်ကောင်စီ ဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာလို့ အဲဒီဒေသခံက ပြောပါတယ်။

"ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဂျက်ဖိုက်တာ တစ်စင်းနဲ့ ကနဲလေးဘက်က KNLA ရှိနိုင်တဲ့နေရာတွေကို လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲသွားတယ်။ ဖုတ်ပလထ၊ ထီခိုနဲ့ ကနဲလေးကျေးရွာက ရွာသားတွေလည်း ထိုင်းဘက်ခြမ်းကို ရှောင်နေရတယ်။ စစ်တပ်ဘက်ကတော့ အဲဒီမှာရှိတဲ့ တပ်တွေ၊ BGF တွေ အားလုံး ပေါင်းလိုက်ပြီးတော့ ဒီဘက်စခန်းကို ရအောင် ပြန်တိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးလာတာ။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာက အနည်းဆုံး မိုင် ၃၀ ပတ်လည်လောက် ရှိတယ်။ နှစ်ဖက်စလုံးမှာ အကျအဆုံး ရှိတယ်"

KNU နိုင်ငံခြားရေး ဌာန တာဝန်ခံ ဖဒိုစောတောနီးကတော့ စစ်ကောင်စီတပ်တွေနဲ့ KNLA အကြား မောခီး မရောက်ခင်လမ်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပေမယ့် ထိခိုက်ကျဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

တိုက်ပွဲက မနေ့က ညနေပိုင်းမှာ တစ်ကြိမ်၊ ညဘက်မှာ တစ်ကြိမ်၊ ဒီနေ့ မနက်ပိုင်းမှာ တစ်ကြိမ်၊ နေ့လယ်ပိုင်းမှာ တစ်ကြိမ် စုစုပေါင်း လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ဘက်က ကနဲလေးရွာနားအထိ စစ်ကြောင်း ထိုးလာတာကို ဖလူးရွာနား အရောက်မှာ KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်တွေ ရှေ့ဆက် တိုးမလာနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဘက်က အင်အား ၂၀၀ လောက်ရှိပြီး ကနဲလေးနဲ့ ဝေါလေကြားမှာ တိုက်ပွဲ ပိုပြင်းထန်နေသလို လေးကေ့ကော်မြို့အနီးမှာလည်း ဒီနေ့ ထိတွေ့တိုက်ပွဲတချို့ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် အနီးအနားဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဖုတ်ပလထ၊ ထီခိုနဲ့ ကနဲလေးကျေးရွာ သုံးရွာက ဒေသခံ ၃၀၀ ဝန်းကျင် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြဝတီခရိုင် ဝေါလေမြို့နယ်ခွဲ၊ မောခီး အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၃၂) စခန်းကို KNU ၊ တပ်မဟာ (၆) လက်အောက်ခံ KNLA ၂၀၁ တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်လို့ ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့ မရသေးပါဘူး။