နေအိမ် ၃၀ ကျော်မီးရှို့ခံရတဲ့ ထီးချိုင့်မြို့ ဆူးပုတ်ချောင်ရွာအနီး တိုက်ပွဲဆက်ဖြစ်နေ
2022.11.27

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောရွာအုပ်စု၊ ဆူးပုတ်ချောင်ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့သလို ဒီနေ့မှာလည်း ရွာအနီးမှာ တိုက်ပွဲဖြစ်နေလို့ အနီးအနားရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာမှာက အိမ်ခြေ ၅၉ လုံးရှိတယ်။ အိမ်ခြေ ၃၇ လုံး လောင်သွားတယ်။ ၂၂ လုံး ကျန်တယ်။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဒီတိုင်းကြီးဝင်ရှို့တာ။ လောင်တာက နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ဖြစ်တာ။ စစ်တပ်က ကသာ၊ ကျောက်ပုံရွာဘက်ကနေ ဝင်လာတာ။ ဒီနေ့ရွာနားက ဆူးပုတ်တောင်ဘေးမှာ တိုက်ပွဲဖြစ်နေတယ်။ မီးရှို့တာမှာ ရှမ်းနီတပ်တွေ လည်း ပါတယ်"
တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဆူးပုတ်ချောင်၊ ဇီးဖြူကျင်း၊ အလယ်တော၊ ဆားတွင်း၊ ရွှေလီ၊ ပေါက်ကုန်းက ဒေသခံတွေဟာ လယ်ကွင်းတွေဘက်နဲ့ အနီးအနား ရွာတွေဆီကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာအနီးမှာ နိုဝင်ဘာလ ၂၇ ရက်၊ ဒီနေ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်နေပေမယ့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရွာကို မီးရှို့ချိန်က ဆူးပုတ်ချောင်ရွာအနီး သွားရောက်ကြည့်ရှုခဲ့တဲ့ ဒေသခံ အမျိုးသား သုံးဦးလည်း ဖမ်းဆီးခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆူးပုတ်ချောင်ရွာကို မီးရှို့ရာမှာ ရှမ်းနီတပ်တွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။