ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.02.15
ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲပြင်းထန်နေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာအနီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း (၉) ရှိတဲ့ နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့ အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က KIA တပ်ရင်း(၉)ကို ဖေဖော်ဝါရီလ ၁၁ ရက်ကစပြီး ထိုးစစ်ဆင် နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စနေ့ကနေ စတာဆိုတော့ ဒီနေ့ဆို ၅ ရက်ရှိပြီ။ ဒီနေ့မနက်လည်း ပစ်နေကြတုန်းပဲ။ မနေ့ကတော့ လေယာဉ် သုံးစီးနဲ့ လာပစ်တယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လာတာကနေ စဖြစ်လာတာ"

စစ်ကောင်စီတပ်ပစ်တဲ့ လက်နက်ကြီးကျည်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်မှာ နမ့်ဖတ်ကာ ရွာထဲကို နှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း KIA တပ်ရင်း (၉) နယ်မြေကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတာလို့ RFA ကို ပြောပါတယ်။

"ကွတ်ခိုင်ဗျူဟာက ကျနော်တို့ တပ်ရင်း(၉)နယ်မြေကို စစ်ကြောင်းသုံးကြောင်းနဲ့ လာပစ်တာကစပြီး တိုက်ပွဲဖြစ်တာ။ သူတို့ မူဆယ်နဲ့ ကွတ်ခိုင်ကြားက ပြည်ထောင်စု လမ်းမ အရှေ့ဘက်မှာပေါ့။ သူတို့က ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အုပ်ချုပ်ရေး ယန္တယား လုပ်ချင်လို့နေမယ်"

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါဘူး။

KIA နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီက KIA တပ်ရင်း(၉) နယ်မြေကို စစ်အင်အားတွေ ထပ်ပို့နေတာ ကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာဖို့ရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပါတယ်။

KIA သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။