ရန်ကုန်တိုင်းဝန်ကြီးချုပ် Bar Camp Yangon 2017 ဖွင့်ပွဲ တက်ရောက်

ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်စဉ်
ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်စဉ် (Photo : Kaung Htet Kyaw/RFA)

တိုင်းပြည်ဖံ့ွဖြိုးတိုးတက်ဖို့ လူငယ်တွေနဲ့ နည်းပညာလိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ဝန်းထဲက MICT Park မှာ စတင်ကျင်းပတဲ့ Barcamp Yangon 2017 ဖွင့်ပွဲ အခမ်းအနားမှာ လူငယ်တွေနဲ့တွေ့ဆုံစဉ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောတာဖြစ်ပါတယ်။

"တက္ကသိုလ်ကထွက်လာတဲ့သူတွေဟာ တကယ့်ကို စက်မှုဇုန်တွေ၊ နည်းပညာတွေကို ဖန်တီးပေးနိုင်တဲ့သူတွေဖြစ်သွားသင့်တယ်၊ ဒါကြောင့်မို့လု့ိ ကျနော်တို့သင်ကြားမယ့် ပညာရေးစနစ်ရဲ့သင်ကြားခြင်း၊ လေ့လာခြင်း၊ တုန့်ပြန်နိုင်ခြင်းဆိုတဲ့ အခြေအနေတွေ ကိုဖန်တီးဖို့လိုတယ်၊ ဒီဟာကလက်တွေ့ အခုချက်ချင်း မရနိုင်ပေမယ့် နောင်ဆယ်စုနှစ်တစ်စုမှာတော့ ကျနော်တို့နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပါတယ်"

တက္ကသိုလ်ကျောင်းလခတွေ ပြင်ဆင်သွားဖို့ ရှိတယ်လို့လည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

BarCamp Yangon နည်းပညာဖလှယ်ပွဲတွေကို ၂၀၁၀ ခုနှစ်က စတင်ကျင်းပလာတာဖြစ်ပြီး ဒီနှစ်ဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။

ပွဲကို တက်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသား ကိုမင်းညီညီက ဒီလိုပွဲမျိုးတွေကို လူငယ်တွေ လက်မလွှတ်သင့် ဘဲ လာရောက်လေ့လာသင့်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ပညာရေးအဆင့်ကိုခွဲထားတာလည်းမဟုတ်ပါဘူး၊ တစ်ကယ်စိတ်ဝင်စားတဲ့သူတွေ ဘွဲ့မရဘဲနဲ့ နည်းပညာပိုင်းမှာ စိတ်ဝင်စားတဲ့ သူတွေ၊ အောင်မြင်နေတဲ့သူတွေလည်းအများကြီးရှိပါတယ်၊ အဲ့တော့ဒီပွဲက ဘယ်လိုပညာရေးအဆင့်အတန်းမဆို၊ ဘယ်လိုအလွှာကလူငယ်မဆို ဒီမှာလာပြီးလေ့လာစေချင်ပါတယ်"

အခမ်းအနားကို မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ၂ ရက် ကျင်းပမှာဖြစ်ပြီး လူငယ်တွေအတွက် နည်းပညာ ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စွန့်ဦးတီတွင်ထားတဲ့ အီလက်ထရောနစ်ပစ္စည်းပြပွဲတွေအပြင် အထွေထွေဗဟုသုတနဲ့ ဆိုင်တဲ့ ဆွေးနွေးပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

BarCamp Yangon 2017 ပွဲကို နည်းပညာကျောင်းအသီးသီးက လူငယ်တွေအပြင် နည်းပညာကိုစိတ်ဝင်စားတဲ့ လူငယ်တွေများစွာတက်ရောက်နေပြီး IT ပညာရှင်တွေကလည်း ပညာရပ်ဆိုင်ရာဆွေးနွေးမှုတွေ ပြုလုပ်ပေးနေ ပါတယ်။