ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေး အစီအစဉ် နှစ်လအတွင်း ဆောင်ရွက်မည်
2017.11.26
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်စိစစ်လက်ခံဖို့ အစီအစဉ်ကို နှစ်လအတွင်းဆောင်ရွက်ဖို့နဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခဲ့ကြောင်း အထောက်အထား တစ်စုံ တစ်ခုပြနိုင်မယ်ဆိုရင် လက်ခံဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားတယ် လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ ပြောပါတယ်။
အထောက်အထားပြသခိုင်းရာမှာလည်း ခက်ခက်ခဲခဲ အခြေအနေတွေပါဝင်မှာ မဟုတ်ဘူးလို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
"၁၉၉၃ ကိုပဲ အခြေခံတယ်။ ၉၂၊ ၉၃ ပေါ့ အဲ့ဒီမှာမှ နှစ်ဦးနှစ်ဖက်ညှိနှိုင်းရတဲ့ အချက်ကလေးတွေတော့ ရှိမယ်။ ရှိပေမယ့် အဲ့ဒါတွေကလည်း ခက်ခက်ခဲခဲကြီးတွေတော့ မဟုတ်ပါဘူး။ အထောက်အထား တစ်ခုခု ဒီဘက်မှာနေတုန်းက ဆေးရုံတက်တယ်။ ဆေးရုံဆင်းလက်မှတ်လေး သူ့မှာရှိတယ်။ သို့မဟုတ် အခြားကိစ္စ ဘာပဲဖြစ်ဖြစ်ပေါ့ သူနာမည် အထောက်အထားတစ်ခုခုရှိရင်လည်းရတာပဲ။ နောက်အဲ ကျမှ မွေးတဲ့ကလေးဆိုရင်လည်း ဒီမိဘနှစ်ပါးက ဒီဘက်မှာနေသွားဘူးရင် သေချာတယ်။ ကလေးပါ လက်ခံမယ်"
လက်ရှိမှာ ငါးခူရနဲ့ တောင်ပြိုလက်ဝဲမြို့တွေမှာ ပြန်လည်လက်ခံစိစစ်ရေးစခန်းတွေဆောက်လုပ်နေပြီး ပြန်လာမယ့် သူတွေ ယာယီနေထိုင်နိုင်ရေးအတွက် အဆောက်အအုံတွေ ဆောက်လုပ်ပြင်ဆင်နေတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က နှစ်နိုင်ငံကြားသဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရာမှာ တရားမဝင်ထွက်သွားတဲ့ ပုဒ်မတွေနဲ့ တရားစွဲ ဆိုခြင်းမပြုဘူးလို့ အာမခံထားပါတယ်။
ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံက တာဝန်ရှိသူတွေပါဝင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသူတွေကို ဦးစွာလက်ခံဖို့ သဘောတူထား တာ ဖြစ်ပါတယ်။