ဒုက္ခသည်တွေကို စစ်ဆေးပြီးမှ လက်ခံမည်လို့ ဝန်ကြီး ဦးသိန်းဆွေ ပြော
2017.09.28

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့အတွက် စိစစ်ရေး ပုံစံတွေကို ပေးပို့ပြီးရရှိလာတဲ့ အချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရှိတဲ့စာရင်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီးမှ လက်ခံသွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ ဒဿမအကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံအစည်းအဝေး ခေတ္တနားချိန်မှာ ဝန်ကြီးဦးသိန်းဆွေက ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံနေသူတွေကို ပြန်လက်ခံဖို့ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အခုလို ပြောတာဖြစ်ပါတယ်။
"လက်ခံတဲ့အခါမှာလည်းပဲ ပထမဦးဆုံး မြန်မာနိုင်ငံကနေမှ ဖြည့်သွင်းရမယ့်ဖောင်တွေကို ပို့မှာဖြစ်ပါတယ်၊ အဲဒီဖောင်တွေမှာ ပြန်လာလိုတဲ့ ပုဂ္ဂိုလ်တွေက အထောက်အထားတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်၊ အဲဒီအချက် အလက်တွေရလာရင် ဒီလူတွေသည် မြန်မာနိုင်ငံက သွားတဲ့လူ ဟုတ် မဟုတ် ကျနော်တို့ဆီမှာ စာရင်းဇယားတွေ ရှိပါတယ်၊ အဲဒီစာရင်းဇယားနဲ့ တိုက်ဆိုင်စစ်ဆေးပါမယ်"
အထောက်အထားတွေ ပျောက်ဆုံး၊ ပျက်စီးတဲ့သူတွေကိုလည်း မြန်မာနိုင်ငံဘက်ကရှိတဲ့ အထောက်အထားတွေနဲ့ တိုက်ဆိုင်စစ်ဆေးမယ်လို့လည်း ပြောပါတယ်။
စိစစ်ရေးပုံစံတွေကို ဘယ်နေ့ပေးပို့မယ်ဆိုတာကို အတိအကျမပြောကြားခဲ့ပေမယ့် ၁၉၉၃ ခုနှစ်က မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့အညီ ဆောင်ရွက်မယ်လို့ ဦးသိန်းဆွေက ပြောပါတယ်။
အဲဒီလိုစစ်ဆေးလက်ခံမယ့်သူတွေကိုလည်း National Verification Card ထုတ်ပေးသွားမှာဖြစ်ပြီး နိုင်ငံ သားလျှောက်ထားလိုသူတွေအနေနဲ့လည်း ၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ လျှောက်ထားခွင့်ရှိတယ်လို့လည်း ဦးသိန်းဆွေက ပြောပါတယ်။
နိုင်ငံတကာမီဒီယာတွေနဲ့ ကုလသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူ အရေအတွက် လေးသိန်းကျော်ပြီလို့ ခန့်မှန်းထားပေမယ့် မြန်မာဘက်က စာရင်းအတိအကျ မတွက်ချက်ရသေးဘူးလို့လည်း ဦးသိန်းဆွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငခူရမှာ စခန်းတွေဖွင့်ကာ လက်ခံသွားမှာဖြစ်ပြီး အဲဒီကိစ္စဆောင်ရွက်ဖို့အတွက် မြန်မာကျပ်ငွေ ၂ ဘီလီယံလောက် သုံးစွဲမယ်လို့လည်း သိရပါတယ်။