ဒုက္ခသည်လက်မခံနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် ပြောဆို

မြန်မာနိုင်ငံကနေ နယ်စပ်ကျော်ပြီး ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံခိုလှုံခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Taknaf တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ကင်းလှည့်နေစဉ်။
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Taknaf တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) မှ ကင်းလှည့်နေစဉ်။ (AFP)

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားပါတယ်။ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်လာကြတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်တွေက အဝင်မခံဘဲ မြန်မာဘက်ကို ပြန်ပြီးပို့လွှတ်ခဲ့ကြပါတယ်။

မနေ့က လူတစ်ထောင်လောက် ပါတဲ့ လှေ (၁၁) စီးကို ပြန်လွှတ်လိုက်တဲ့အတွက် စုစုပေါင်း လူ (၁၅၀၀) လောက်ကို ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ ကတော့ ဘင်္ဂလားဒေ့ရှ်လို ဆင်းရဲတဲ့နိုင်ငံအတွက် ဘယ်ဒုက္ခသည်ကိုမှ လက်ခံနိုင်မှာမဟုတ်ကြောင်း ဒါကာမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီအတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်ရေးနဲ့ လူမျိုးစု သဟဇာတဖြစ်ရေးအတွက် တရုတ်ပြည်က ကူညီမှာဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ တစ်ဦးက မနေ့က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်က မြို့ကြီးတချို့မှာ အခြေခံအားဖြင့် လုံခြုံရေးဆောင်ရွက်မှုတွေ ထိန်းနိုင်၊သိမ်းနိုင်ရှိပြီဆိုပေမဲ့ အစိုးရက အရေးပေါ်အခြေအနေ ကြေညာပြီး တဲ့နောက် ကျေးရွာတချို့မှာ လုံခြုံရေးအတွက် စိုးရိမ်နေရဆဲ ဖြစ်နေတယ်လို့ ဆင်ဝှာသတင်းက ဆိုပါတယ်။

မြန်မာနိုင်ငံ တရုတ်သံရုံးကလည်း တရုတ်နိုင်ငံသားတွေနဲ့ လုပ်ငန်းရှင်တွေကို ရခိုင်ပြည်နယ်အတွင်း ခရီးအသွားအလာ သတိထားဆင်ခြင်ကြဖို့ တိုက်တွန်းထားပြီး သံရုံးအနေနဲ့ မိမိနိုင်ငံသားတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးမယ်လို့ ပြောဆိုပါတယ်။