နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈၈ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထပ်မံဝင်ရောက်ခိုလှုံ
2024.05.05

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈၈ ဦး မေလ ၅ ရက်နေ့မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်ခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနက မေလ ၆ ရက်နေ့ မနက်အစောပိုင်းမှာ ရေးသားဖော်ပြပါတယ်။
မြန်မာတပ်ဖွဲ့ဝင် ရှစ်ဆယ်ကျော် တနင်္ဂနွေနေ့က ဝင်ရောက်ခိုလှုံလာကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir ကပြောတယ်လို့ ဆိုပါတယ်။
သေနတ်အပါအဝင် လက်နက်ခဲယမ်းတွေ ကိုင်ဆောင်လာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်လှေနှစ်စင်းနဲ့ နတ်မြစ်ကို မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြတ်ကျော်လာပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံမှာ ခိုလှုံခွင့်တောင်းခံခဲ့တယ်လို့ ကော့ဘဇားမှာရှိတဲ့ ဥပဒေအရာရှိက ပြောကြောင်း သတင်းမှာဖော်ပြပါတယ်။
ခိုလှုံခွင့်တောင်းခံတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံက လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က သိမ်းယူခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့လို့သာပြောပြီး ဘယ်စခန်းတွေက ထွက်ပြေးလာသူတွေဆိုတာကိုတော့ သတင်းမှာ တိတိကျကျထည့်သွင်း ဖော်ပြတာမရှိပါဘူး။
မေလ ၃ ရက်နေ့ညနဲ့ မေလ ၄ ရက်နေ့မနက်ကလည်း မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် လေးဆယ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာခဏဆိုသလို ထွက်ပြေးခိုလှုံနေကြတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာသူတွေထဲက ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် သုံးရာကျော်အပါအဝင် ဝန်ထမ်းနဲ့ မိသားစုဝင် အယောက် ၃၃၀ ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။