ICC မှာ မြန်မာကို အမှုဖွင့်နိုင်ဖို့ ဘင်္ဂလားဒေ့ရှ်ရှေ့နေတွေ ကြိုးစားနေ


2018.05.30
rakhine-fence-622.jpg ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးမှာ လုံခြုံရေးယူနေတဲ့ ရဲသားတစ်ဦးကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး ICC တင် အမှုဖွင့်နိုင်ရေးအတွက် ရိုဟင်ဂျာမွတ်စလင် ၄ဝဝ ခန့်ကို ကိုယ်စားပြုတဲ့ ဘင်္ဂလားဒေ့ရှ် ရှေ့နေတွေက ကြိုးပမ်းနေပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးအောင် ဖိနှိပ်တာတွေရှိခဲ့တဲ့အတွက် ICC ဆိုင်ရာ ရောမသဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို တရားစွဲခွင့်ရှိတယ်လို့ ရှေ့နေတွေကို ပြောပါတယ်။

လူတယောက်ဟာ နယ်စပ်တခြားတဘက်မှာ ရပ်နေပြီး နယ်စပ်တခြားဘက်က လူတယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့ရင် နှစ်ဖက်စလုံးမှာ ရာဇဝတ်မှုမြောက်သလိုပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ဒီပြဿနာကိုလည်း အလားတူ ကောက်ယူလို့ရကြောင်း ရှေ့နေတွေက ပြောပါတယ်။

တာဝန်ယူမှုတာဝန်ခံမှုမရှိရင်၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ဥပဒေဘောင်ထဲ မထည့်ထားနိုင်ရင် ဒီရာဇဝတ်မှုတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ ဆက်ပြီးကျုးလွန်နေမှာပဲဖြစ်ပါတယ်လို့ ဒီရှေ့နေတွေထဲက ဦးဆောင်သူတဦးဖြစ်တဲ့ Wayne Jordash က Sky News သတင်းဌာနကို ပြောပါတယ်။

ရှေ့နေတွေအနေနဲ့ မြန်မာအာဏာပိုင်တွေကို လူမျိုးရေးခွဲခြားမှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အခွင့်အရေး ဖိနှိပ်ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

တချိန်ထဲမှာလည်း ဂျာမနီအခြေစိုက် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ TIB က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာတွေနဲ့ပတ်သက်ပြီး ICC မှာ တရားစွဲဆိုဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှုနဲ့ နေရပ်ကနေ အတင်းအကြပ်မောင်းထုတ်ခဲ့တာတွေကို ICC က စုံစမ်းဖော်ထုတ်ပြီး တရားစွဲဆိုနိုင်မယ်ဆိုရင် ဒုက္ခသည်တွေအတွက် မျှော်လင့်ချက်ရှိလာမှာဖြစ်ပြီး တရားစွဲဆိုဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ရပ်တည် ကြိုးစားသင့်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အထောက်ထားနဲ့တကွပြနိုင်ရင် ပြစ်မှုကျူးလွန်သူတွေကို အရေးယူသွားမယ်လို့ ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။