စစ်ကောင်စီနဲ့ AA နှစ်ဖက်လုံးကို ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
2024.12.30

နယ်စပ်ရေးရာအတွက် စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်လုံးနဲ့ ထိတွေ့ဆက်ဆံနေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီး ဂျာဟန်ဂျီ အာလမ် ချောဒရီ (Jahangir Alam Chowdhury) ကပြောကြောင်း India TodayNE က ဒီဇင်ဘာ ၃၁ ရက် ဒီနေ့ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးဟာ မိမိတို့တာဝန်ကို သတိနဲ့ဆောင်ရွက်နေကြပြီး တရားဥပဒေ စိုးမိုးရေးအတွက် အာရုံစိုက်ထားတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးအကြံပေးက ပြောပါတယ်။
ဒါပေမဲ့ ရံဖန်ရံခါ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေက နယ်စပ်ကို ထိခိုက်မှုရှိစေတယ်လို့ ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ လတ်တလော နတ်မြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ်က လုံခြုံမှုမရှိတော့ဘဲ အခြေအနေတိုးတက်လာရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စဉ်းစားဆုံးဖြတ်သွားဖို့ရှိတယ်လို့ ချောဒရီက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက လူအလုံးအရင်းနဲ့ ဝင်ရောက်မှုကို ဟန့်တားဖို့အတွက် နယ်စပ်ကိုပိတ်ထားချိန်မှာ ရိုဟင်ဂျာ ငါသောင်းက ခြောက်သောင်းအထိ ဘင်္ဂလားဒေ့ရှ်ဘက်ကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ထပ်ရောက်လာတဲ့ ရိုဟင်ဂျာအများစုဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေတွေကြောင့် နေရပ်ပြန်ပို့ဖို့ ခက်ခဲစေတယ်လို့ ချောဒရီက ပြောပါတယ်။
လက်ရှိမှာ ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်လုံးကို AA က ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။