ဘင်္ဂါလီ အိမ်ထောင်စု ၆၀၀၀ ကျော် သန်းခေါင်စာရင်းပေးသွင်း


2014.04.25
census-muslim-622.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂၀၁၄ မတ်လ ၃၁ ရက်နေ့က မွတ်စလင်တွေကို သန်းခေါင်စာရင်း ကောက်ခံနေစဉ်
photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိးလို့ ပြော ဆိုနေသူတွေထဲက ဘင်္ဂါလီနာမည်ခံပြီး သန်းခေါင်စာရင်း ပြန်လည်အကောက်ခံတဲ့ အိမ်ထောင်စု ၆ဝဝဝ ကျော်ရှိနေပြီလို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က RFA ကို ဒီကနေ့ ပြောပါတယ်။ ဧပြီလ ၁၀ ရက်နေ့ နောက် ပိုင်း ပြန်လည်ကောက်ခံရာမှာ အခုလို ဘင်္ဂါလီနာမည် ကိုလက်ခံပြီး စာရင်းပေးသွင်းခဲ့တာဖြစ်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

"ဘင်္ဂါလီလူမျိုးတွေထဲမှာ တချို့က ရိုဟင်ဂျာ လို့ဖြေပြီးတော့ ရိုဟင်ဂျာလို့မရေးရင် အကောက်မခံဘူးဆိုပြီးတော့ ကျန်နေတဲ့ အဖွဲ့တွေရှိပါတယ်၊ သူတို့ရဲ့လူမျိုးအမည် မထည့်ဘဲနဲ့ အကောက်ခံလိုပါတယ်ဆိုပြီးတော့ ပြန်ပြီးတော့ကောက်ခံ တဲ့ အဖွဲ့တွေလည်းရှိတယ်၊ တချို့ကလည်း အိမ်ထောင်စုစာရင်းထဲမှာ ဘင်္ဂါလီအနေနဲ့ မှတ်တမ်းတင်ထားတယ်၊ သူတို့ရဲ့ white card တွေမှာလည်း ဘင်္ဂါလီဆိုတာပါတဲ့အတွက် ဘင်္ဂါလီနဲ့ ပြန်ပြီးကောက်ခံတာတွေရှိတယ်၊ အဲဒါတွေကို ကျနော်တို့က သန်းခေါင်စာရင်းကောက်တဲ့ကာလ ဧပြီလ ၁ဝ ရက်နေ့ နောက်ပိုင်းကစပြီးတော့ ကျနော်တို့ ဆက်တိုက်ကောက်လာတာ လူခြောက်ထောင်ကျော်လောက်တော့ ပြန်ပြီးတော့ကောက်ယူရပြီးဖြစ် ပါတယ်"

ဒါပေမဲ့  ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တွေမှာ ရိုဟင်ဂျာလို့ မရေးရင် အကောက်မခံတဲ့ အဖွဲ့တွေလည်း ကျန်နေသေးတယ်လို့ ပြောပါတယ်၊

သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့သူတွေထဲမှာ လူမျိူးအမည်မထည့်ပဲ ကွက်လပ်ထားပြီး ကောက်ခံမယ် ဆိုရင် အဲဒီကွက်လပ်နေရာမှာ အစိုးရက လူမျိုးနာမည်တစ်ခုခု ဖြည့်သွင်းတာတွေ ပြုလုပ်မှာမဟုတ်ကြောင်း အာမခံပေးဖို့ တောင်းဆိုနေတာတွေလည်းရှိတယ်လို့ ပြောပါတယ်၊

ဒီအခြေအနေတွေကို ဆက်လက်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်တဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဒီကနေ့ ထွက်ခွာသွားပြီလို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့က နိုင်ငံတဝှမ်း သန်းခေါင်စာရင်း စတင်ကောက်ခဲခဲ့ရာမှာ ရခိုင်ပြည်နယ်နဲ့ နယ်မြေအေးချမ်းမှုမရှိတဲ့ ကချင်ပြည်နယ်ထဲက နေရာတချို့ကလွဲရင် ရာနှုန်းပြည့်နီးပါး ကောက်ခံနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊ အစိုးရက သန်းခေါင်စာရင်းကောက်ယူဖို့ ကျန်နေသေးတဲ့နေရာတွေအတွက် နောက်ထပ် သီတင်း ၈ ပါတ်တိုးပြီး ကောက်ယူနေတာလည်း ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။