ဘန်းချောင်း ကျောက်မီးသွေးတွင်း ပိတ်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံ


2018.05.05
banchaung-coal-plant-622.jpg တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်းကျောက်မီးသွေး စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလက တိုင်းအစိုးရအဖွဲ့တွေ သွားရောက်စစ်ဆေးစဉ်
Photo: Tanintharyi Regional Government/ Facebook

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်မီးသွေးသတ္တုတွင်းမှာ မီးလောင်နေတာ ၃ နှစ်ကျော်လာပြီဖြစ်တာကြောင့် ကျောက်မီးသွေးတွင်းကို ပိတ်ပေးဖို့နဲ့ အမြန်ဆုံးမီးငြှိမ်းသတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မနေ့က စာပို့ပေးလိုက်ပါတယ်။

ကုမ္ပဏီအနေနဲ့ ကျောက်မီးသွေးမီးလောင်တာကို ငြှိမ်းသတ်ပေးဖို့နဲ့ လုပ်ငန်းကို အမြန်ဆုံးရပ်ဆိုင်းပေးဖို့ တောင်းဆို တာဖြစ်တယ်လို့ တာကပေါအဖွဲ့က မနော်ပီသလောက ပြောပါတယ်။

"ကျမတို့က ပထမဦးဆုံး ဒီကုမ္ပဏီကို အခုလက်ရှိ သူ့ရဲ့မီးကို သူပြန်ငြှိမ်းသတ်အောင် လုပ်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမီးလောင်တော့ ထွက်လာတဲ့အနံ့တွေက ရွာသူရွာသားတွေက ခံစားရတယ်။ ပြီးရင်ဒီအလုပ်ကို ဆက်လုပ်ဖို့ မသင့်တော်တော့ဘူးလို့ ကျမတို့က မြင်တယ်။ ဘာလို့လဲဆိုတော့ နည်းနည်းလေး သေးသေးလေး လုပ်ကွက်တောင်မှ ဒီလိုမျိုးမီးလောင်တာကို သူတာဝန်ယူ၊ တာဝန်ခံမှုမရှိတာကြောင့် အလုပ်ဆက်လုပ်မယ် ဆိုလို့ရှိရင်လည်း သူက ဘယ်တော့မှ တာဝန်ယူမှု တာဝန်ခံမှု အနေထားကောင်းကောင်းနဲ့ အလုပ်လုပ်မှာ မဟုတ်ဘူး"

ကျောက်မီးသွေးသတ္တုတွင်းက မီးလောင်နေတာတွေကို အပြီးသတ်မငြှိမ်းနိုင်တာကြောင့် အဲဒီက ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေရတယ်လို့လည်း တာကပေါလူငယ်အဖွဲ့နဲ့ ဘန်းချောင်းဒေသပြည်သူလူထု တည်တံ့ခိုင်မြဲနေရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျောက်မီးသွေးသတ္တုတွင်းကနေ ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေကြောင့် လေနဲ့ရေထု ညစ်ညမ်းတာ၊ ဒေသခံတွေရဲ့ မြေတွေ အသိမ်းခံရတာ၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ထိခိုက်တာ စတဲ့ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ကျောက်မီးသွေး သတ္တုတွင်းပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ ၂၂ ရွာက ဒေသခံ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ခြိမ်းခြောက်နေတယ်လု့ိလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီ ဘန်းချောင်းကျောက်မီးသွေးတွင်းကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က မေဖလားဝါးသတ္တုတူးဖော်ရေး ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပေမယ့် လက်တွေ့မှာတော့ ထိုင်းအခြေစိုက် East Star Mining ကုမ္ပဏီက တူးဖော်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။