စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုစတင်

RFA Burmese
2024.03.10
စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုစတင် စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွင် ပါဝင်ကြသည့် စစ်ဘေးဒုက္ခသည်ကလေးငယ်တချို့အား ၂ဝ၂၄ ခုနှစ် မတ်လ ၁ဝ ရက်နေ့က တွေ့ရစဉ်။
Photo: Blood Money - သွေးစွန်းငွေ

စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုကို မတ်လ ၁၀ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။

လေကြောင်းတိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ကလေးငယ်တွေအပါအဝင် ပြည်သူလူထုတွေ ထိခိုက်သေဆုံးပြီး အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးနေတာကို ကာကွယ်ဖို့နဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အမြန်ဆုံးရပ်တန့်ဖို့ ကြိုးစားတာလို့ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီက လေယာဉ်ဆီရရှိနေတာကို ဖြတ်တောက်ဖို့ နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ နိုင်ငံတကာကို တွန်းအားပေးဆောင်ရွက်တာကို အခုလ ၁ဝ ရက်နေ့က စတင်ဆောင်ရွက်တာလို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ ( Blood Money Campaign) ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mike က ပြောပါတယ်။

“နိုင်ငံတကာက လေယာဉ်ဆီတွေကို မြန်မာပြည်ထဲ တင်သွင်းတဲ့အပိုင်းပေါ့။ ရောင်းချတဲ့ကုမ္ပဏီတွေ ရောင်းချတဲ့နိုင်ငံတွေ လေယာဉ်ဆီတင်ပို့တဲ့ သင်္ဘောလိုင်းတွေ ပစ်မှတ်ထားပြီး စီးပွားရေးအရ ပိတ်ဆို့အရေးယူဖို့အတွက် နိုင်ငံတကာရော ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီးလုပ်နေပါတယ်။ နောက်တစ်ခုက ပြည်တွင်းမှာလေယာဥ်ဆီတွေရောက်လာပြီဆိုရင် သူ့အလိုလိုစခန်းတွေဆီရောက်သွားတာမဟုတ်ပါဘူး။ လက်ရှိအခြေအနေမှာ ကားနဲ့သယ်ရပါတယ်။ လေယာဉ်ဆီတင်တဲ့ကားတွေကို ပစ်မှတ်ထားပြီး ဟန့်တားနိုင်ရင် လေတပ်ဌာနချုပ်တွေကို မရောက်ဘူးဆိုရင် ကျွန်တော်တို့ပြည်သူတွေ သက်သာမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနာဂတ်အမြန်ဆုံးငြိမ်းချမ်းဖို့အတွက် စစ်အုပ်စုရဲ့ ဝင်ငွေဟန့်တားဖို့လိုသလို လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုကို နိုင်ငံတကာမှာရော ပြည်တွင်းမှာပါလုပ်သွားဖို့ ရှိပါတယ်။”

လေယာဉ်ဆီဖြတ်တောက်ရေးလူထုလှုပ်ရှားမှုအဖြစ် ပြည်သူတွေရဲ့ သဘောဆန္ဒကိုဖော်ပြထားတဲ့ ဓာတ်ပုံ၊ စာ၊ လက်မှတ်ရေးထိုးထားတာတွေကို စုဆောင်းပြီး စစ်ကောင်စီကို လေယာဉ်ဆီရောင်းချနေတဲ့ အမေရိကန်၊ ယူကေ၊ အီးယူနဲ့ အာဆီယံစတဲ့ နိုင်ငံတကာအစိုးရတွေနဲ့ လေယာဉ်ဆီသယ်ဆောင်လာတဲ့ သင်္ဘောတွေကို ရေကြောင်းအာမခံပေးနေတဲ့ ရေကြောင်းအာမခံကုမ္ပဏီတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာအစိုးရအနေနဲ့ စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေတဲ့ကုမ္ပဏီတွေနဲ့ ရေကြောင်းအာမခံကုမ္ပဏီတွေကို ချက်ချင်းအရေးယူပိတ်ဆို့ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အခုလို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျသွားဖို့ လေယာဉ်ဆီဖြတ်တောက်ဖို့ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှု ၁၆၅၀ ကျော်ရှိခဲ့ပြီး ပြည်သူ တစ်ထောင်နီးပါး သေဆုံးခဲ့ရတဲ့အပြင် နောက်ထပ် ကိုးရာကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဆေးရုံ ၃ဝ ရှိပြီး စာသင်ကျောင်း ၇၅ ကျောင်းရှိတယ်လို့ အဲဒီ့သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခု ၂၀၂၄ ခုနှစ်မှာလည်း လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေသေးတဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေထပ်မဖြစ်ရအောင် လေယာဉ်ဆီရရှိနေတာတွေကို တားဆီးပိတ်ဆို့ရေးကို ဦးတည်လုပ်ဆောင်နေတာလို့ လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။