တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းချမှု မြင့်တက်လာတယ်လို့ WWF ထုတ်ပြန်
မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုဟာ သိသိသာသာ တိုးမြင့်လာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ World Wide Fund For Nature (WWF) အဖွဲ့က မတ် လ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
- 2022-03-30
-
-
-
မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ် ဖောက်ကားမှုဟာ သိသိသာသာ တိုးမြင့်လာတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကမ္ဘာ လုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ World Wide Fund For Nature (WWF) အဖွဲ့က မတ် လ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
WWF ရဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ရုံးရဲ့ သုတေသနမှတ်တမ်းသစ်အရ ၂၀၂၀ နဲ့ ၂၀၂၁ ကြား ကာလအတွင်း မြန်မာနိုင်ငံမှာ Facebook ကတစ်ဆင့် တောရိုင်းတိရစ္ဆာန်ထွက် ကုန်ပစ္စည်းတွေ ရောင်းဝယ်မှုက ၇၄ ရာခိုင်နှုန်းထိ တိုးလာတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ Facebook ပေါ်ကနေ ရောင်းချတဲ့ တောရိုင်းတိရစ္ဆာန်ပစ္စည်းပေါင်း ၁၁၀၄၆ ခုထိ ရှိခဲ့ပြီး အဖွဲ့ဝင်ပေါင်း ၁၉၀၀၀ ကျော်ရှိတဲ့ အွန်လိုင်း Group တွေအတွင်း တစ်ရက်မှာ ပိုစ့်ပေါင်း ၃၀ ကျော်ထိ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ငှက်မျိုးစိတ် ၇၆ ရာခိုင်နှုန်း၊ နို့တိုက်သတ္တဝါ ၂၂ ရာခိုင်နှုန်းနဲ့ တွားသွား သတ္တဝါ ၂ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုပါတယ်။
တောရိုင်းတိရစ္ဆာန်တွေကို တောကောင်သားအဖြစ် စားသုံးတာ၊ တိရစ္ဆာန် အစိတ်အပိုင်း တွေကို လက်ဝတ် ရတနာအဖြစ် အသုံးပြုတာ၊ တိုင်းရင်းဆေးတွေမှာ အသုံးပြုတာ စတဲ့ ပုံစံအမျိုးမျိုးနဲ့ ရောင်းဝယ်နေကြပြီး အဲဒီအထဲက သုံးပုံ တစ်ပုံဟာ ကမ္ဘာတစ်၀န်းမှာ မျိုးသုဥ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိ တဲ့ မျိုးစိတ်တွေ ဖြစ်တယ်လို့လည်း WWF က ပြောပါတယ်။
ဒါတွေ ဆက်လုပ်နေမယ်ဆိုရင် ပြန်ပေးဆပ်ရမှာက မြန်မာနိုင်ငံရဲ့ တောတောင်၊ ရေမြေ၊ ကောင်းကင် တွေမှာ တောရိုင်းတိရစ္ဆာန်တွေ ကင်းမဲ့လာတော့မယ်လို့ WWF ရဲ့ အာရှ ပစိဖိတ်ဒေသတွင်း စီမံကိန်း ခေါင်းဆောင်ဖြစ်သူ Shaun Martin က ထုတ်ပြန်ချက်ကနေ တစ်ဆင့် ဆိုပါတယ်။
တောရိုင်းတိရစ္ဆာန်တွေ အွန်လိုင်းကနေတစ်ဆင့် ရောင်းဝယ်ဖောက်ကားတာတွေ တိုးမြင့် လာတာဟာ ဇီဝ မျိုးစုံ မျိုးကွဲတွေ ဆုံးရှုံးရတာ လူနဲ့ တိရစ္ဆာန်ကြားက ကူးစက်နိုင်တဲ့ ရောဂါ တွေဖြစ်နိုင်ပြီး အများပြည်သူ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ WWF က ပြောဆိုထားပါတယ်။