ဝါးတွေခုတ်ယူနေတာကို ချီဖွေဒေသခံတွေ ကန့်ကွက်
2019.08.27

ကချင်ပြည်နယ် ချီဖွေမြို့၊ ရစ်လောခေါင်ရပ်ကွက် နယ်နိမိတ်အတွင်း ဧက ၁၀၀ လောက်မှာရှိတဲ့ ဝါးရိုင်းတွေကို မနောမြေကုမ္ပဏီက ခုတ်ယူနေတာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
အဲဒီဝါးပင်တွေကို ဒီလဆန်းကလည်းက ခုတ်ယူနေတာဖြစ်ပြီး အခုလိုခုတ်ယူလိုက်တဲ့အတွက် ရေအရင်းအမြစ်ဆုံးရှုံးနိုင်တယ်လို့ ဒေသခံ ဒေါ်ယော်ဝင်းက ပြောပါတယ်။
အဲဒီနေရာဟာ ဒေသခံတွေရဲ့ ရွှေ့ပြောင်းတောင်ယာနဲ့ စားကျက်မြေလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီဝါးတွေကို ချီဖွေ ပန်ဝါကြားမှာရှိတဲ့ တူ၊ ဝါးစက္ကူ စက်ရုံအတွက် ပို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ ကန့်ကွက်တာနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အစိုးရအဖွဲ့ကို သြဂုတ်လ ၁၈ ရက်နေ့က တင်ပြထားတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ အလုပ်မအားဘူးဆိုပြီး ဖြေကြားခြင်းမရှိခဲ့ပါဘူး။
မနောမြေကုမ္ပဏီကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။
(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)