ညောင်လေးပင်ခရိုင်မှာ လက်နက်ကြီးကြောင့် အရပ်သား သုံးဦးသေဆုံး
2024.07.06

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် (ခလယ်လွီထူ)မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား သုံးဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့က မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး နောင်ချိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၁ နှစ်အရွယ် ကိုမင်းနိုင်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် မပပ တို့ လင်မယားနှစ်ယောက် သေဆုံးခဲ့ပြီး သူတို့သားသမီးတွေဖြစ်တဲ့ အသက် နှစ်နှစ်နဲ့ ရှစ်နှစ်အရွယ် ကလေး နှစ်ဦးနဲ့ အသက် ၁၇ အရွယ် သမီးတစ်ယောက်အပြင် တူတစ်ယောက်တို့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၂ ရက်နေ့က ကျောက်ကြီးမြို့နယ် (လယ်ဒို) မှာလည်း ခလရ - ၂၆၄ တပ်ရင်းကနေ ပစ်လိုက်တဲ့ ၁၂၀ မမ နှစ်လုံး သမင်အင်းကုန်းကျေးရွာအနီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅၀ အရွယ် စောကလိုထူး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
ဇူလိုင်လ ၃ ရက်နေ့က မုန်းမြို့နယ် ငနွားဆိပ်ကျေးရွာမှာလည်း ဦးအောင်နိုင်မိုး ဆိုသူဟာ သူ့နေအိမ်ဘေးလမ်းမှာ စစ်ကောင်စီတပ်သားတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
KNU ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းသုံးနှစ်ကျော်အတွင်း တိုက်ပွဲတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်းကျော်ရှိလာတယ်လို့ KNU ဗဟိုက ဇွန်လ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ သေဆုံးသူ စုစုပေါင်း ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၄၉၂ ဦး ရှိပါတယ်။