ပဲခူးတိုင်းအတွင်း ရေကြီးနေ၊ လူနှစ်ဦး ပျောက်ဆုံး

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နဲ့ ပေါက်ခေါင်းမြို့တွေမှာ မိုးများပြီး ချောင်းရေလျှံတာ၊ ဝဲကြီးဆည်ရဲ့ ရေလွှဲမြောင်းကျိုးတာကြောင့် မြေနိမ့်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေကြီးနစ်မြုပ်တာတွေရှိနေပြီး ရေစီးနဲ့မျောပါသွားတဲ့ ဒေသခံနှစ်ယောက် ပျောက်ဆုံးနေပါတယ်။

ပြည်ခရိုင် ပေါက်ခေါင်းမြို့ မုန်ကုန်းကျေးရွာ ရေကြီးနေတာကို ၂ဝ၁၉ စက်တင်ဘာ ၁ ရက်နေ့က တွေ့ရစဉ် Photo: Zaw Win Tun

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နဲ့ ပေါက်ခေါင်းမြို့တွေမှာ မိုးများပြီး ချောင်းရေလျှံတာ၊ ဝဲကြီးဆည်ရဲ့ ရေလွှဲမြောင်း ကျိုးတာကြောင့် မြေနိမ့်ပိုင်းက ကျေးရွာတော်တော်များများမှာ ရေကြီးနစ်မြုပ်တာတွေရှိနေပြီး ရေစီးနဲ့မျောပါသွားတဲ့ ဒေသခံနှစ်ယောက် ပျောက်ဆုံးနေပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ထဲက ပေါင်းတည်မြို့နဲ့ ပေါက်ခေါင်းမြို့တွေမှာ မနေ့က မိုးများပြီး ချောင်းရေတွေလျှံတာ၊ ဝဲကြီးဆည် ရေလွှဲမြောင်းကျိုးတာကြောင့် ရေကြီးနစ်မြုပ်တာတွေ ရှိခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းခဲ့ ကြရပါတယ်။

ပေါင်းတည်မြို့မှာရှိတဲ့ ဝဲကြီးဆည် ရေလွှဲမြောင်းက သဘာဝအတိုင်း ကျိုးတာရှိသလို ဒေသခံတချို့က ရေကြီးမှာကို စိတ်ပူပြီး ချိုးလိုက်တာလည်းရှိတယ်လို့ သိရပါတယ်။

ပေါင်းတည်မြို့မှာ မိုးအဆက်မပြတ်ရွာပြီး ကျောက်အိုးကြီးချောင်း ရေကြီးတာကြောင့် အိမ် လေးလုံးပြိုလဲခဲ့တဲ့ အကြောင်း၊ ချောင်းရေကြောင့် အိမ်ခြေ ၁၅၀ နီးပါးက  လူဦးရေ ၅၀၀ ကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရတဲ့ အကြောင်း ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် ဝဲကြီးဆည်က ရေလွှဲမြောင်းကျိုးတာကြောင့် အိမ်ခြေ ၂၈၀၀ ကျော် ရေဝင်နေပါတယ်။

ဆည်ရဲ့ ကြံ့ခိုင်မှုအနေထားတွေ၊ ဆည်ရေအခြေအနေတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

အဲဒီလိုပဲ ပေါက်ခေါင်းမြို့မှာလည်း မနေ့က ချောင်းရေကြီးတာနဲ့ ဝဲကြီးဆည်ဘက်က ကျလာတဲ့ရေတွေကြောင့် ရပ်ကွက်နဲ့ ကျေးရွာတချို့က နေအိမ် ၅၀၀ လောက် နစ်မြုပ်ခဲ့ပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရေပြန်ကျ သွားပေမယ့် တချို့ရပ်ကွက်တွေမှာ ရေထပ်ကြီးနေပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေအတွက် သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ရေစီးကြောင့် ပေ ၁၉၀ အရှည်ရှိတဲ့ ညောင်ဝန်းတံတားလည်း ရေစီးနဲ့ မျောပါသွားပြီး တပ်မတော်နဲ့ လမ်းတံတားဦးစီး ဌာနက ဘေလီတံတား ပြန်ဆောက်ပေးနေတယ်လို့လည်း သိရပါတယ်။

ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ ပေါက်ခေါင်းမြို့နယ်မှာ ချောင်းရေထဲ မျောပါလာတဲ့ ထင်းတွေကို ဆင်းဆယ်တဲ့ လင်မယား နှစ်ယောက် ချောင်းရေနဲ့အတူ မျောပါပျောက် ဆုံးနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရေကြီးနစ်မြုပ်တဲ့နေရာတွေမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားရတဲ့ အခြေအနေတော့ မရှိဘူးလို့လည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေက ပြောပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org