အင်းမမြို့အောင်မင်္ဂလာဈေးက ဆိုင်ခန်း ၈၀ ကျော် မီးလောင်ပျက်စီး
2017.01.01

ပဲခူးတိုင်းဒေသကြီး အင်းမမြို့ သီရိရတနာရပ်ကွက်က ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ရှိတဲ့ အောင်မင်္ဂလာဈေးမှာ မနေ့ညက မီးလောင်မှုကြောင့် ဆိုင်ခန်း ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်။
ပဲခူးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျပ်သိန်း ၂၀ ကျော်လို့ တွက်ချက် ထားပေမယ့် ပျက်စီးခဲ့တဲ့ ဆိုင်ခန်းတစ်ခန်းရဲ့ တန်ဖိုးက အနည်းဆုံး ကျပ် ၁၅ သိန်းဝန်းကျင် ရှိတယ်လို့ အဲဒီဈေးမှာ ဖုန်းဟန်း ဆက်အရောင်းဆိုင်နဲ့ မိတ္တူဆိုင်တွဲဖွင့်ထားတဲ့ ကိုရန်ဝေးအောင်က ပြောပါတယ်။
"ဆိုင်ခန်းတစ်ခန်းဆိုရင် အနည်းဆုံးပါတဲ့ ဆိုင်ခန်းက ၁၀ သိန်း ၁၅ သိန်းလောက်ပါသွားမယ်၊ တချို့ဆိုင် ခန်းတွေဆို သိန်းရာချီ ရင်းထားတာလည်းရှိတယ်၊ နယ်မြို့ဆိုတော့ မီးသတ်ကား အားနည်းချက်ရှိတာရယ် ရုတ်တရက်ဖြစ်သွားတော့ စိတ်ထဲမကောင်းဘူး၊ပျက်စီးဆုံးရှုံမှုက ဈေးသူဈေးသားတွေအတွက် တော်တော် ကြီးမားတယ်၊လောလောဆယ် ပြန်ပြီးနလန်ထဖို့လည်း သူတို့အတွက်မလွယ်ကူဘူး အဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်"
ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၉ နာရီခွဲမှာ ဈေးအရှေ့ဘက်တန်း အထည်ဆိုင်တစ်ဆိုင်ကနေ မီးစတင်လောင်ကျွမ်း ခဲ့တာဖြစ်ပြီး သဲကုန်း၊ အင်းမ၊ နတ်တလင်း၊ ပြည် စတဲ့ မြို့နယ်တွေက မီးသတ်ယာဉ် ၁၄ စီးနဲ့ ၁ နာရီနီးပါးအကြာ မှာ မီးငြိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အထည်ဆိုင် ၁၆ ဆိုင်၊ ကုန်စိမ်းဆိုင် ၅၃ ဆိုင်၊ အခြားဆိုင်ခန်း ၁၇ ခန်း မီးလောင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ အခုချိန် မှာ အောင်မင်္ဂလာဈေးကို ပိတ်ထားပြီး အသားငါး ရောင်းချတဲ့ ဈေးသည်တွေက ဈေးအပြင်ဘက်လမ်းတွေ မှာ ရောင်းချနေကြတယ်လို့သိရပါတယ်။
မီးလောင်ရတဲ့အကြောင်းအရင်းကို အခုချိန်ထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ ပဲခူးတိုင်းမီးသတ်ဦးစီးဌာနက ပြော ပါတယ်။