ပုဂံဒေသ ယူနက်စကို စာရင်းဝင် ဖို့ မျှော်လင့်နိုင်ပြီ
2016.09.26

မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ အလွန်နီးစပ်နေပြီလို့ ယူနက်စကို အရာရှိတစ်ဦး ကပြောဆိုကြောင်း AFPသတင်းကဖေါ်ပြပါတယ်။
ရှေးဟောင်း ဗုဒ္ဓဘာသာ စေတီပုထိုးတွေနဲ့ အဆောက်အအုံတွေ နှစ်ထောင်ကျော်ရှိတဲ့ ပုဂံဒေသကို လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်၊ စစ်အစိုးရလက်ထက်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံရဖို့ ကြိုးစားခဲ့ပေမယ့်၊ ပြုပြင်မွမ်းမံမှုတွေ စနစ်မကျ လွဲမှားခဲ့တဲ့အတွက် သတ်မှတ်မခံခဲ့ရပါဘူး။
ပြီးခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံ က စေတီဘုရားတချို့ ထိခိုက်ပျက်စီး ခဲ့ရပြန်ပါတယ်။ အများစုက အရင်စစ်အစိုးရ ပြုပြင်ခဲ့တဲ့ အစိတ်အပိုင်းတွေ ထပ်မံ ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မူလပုံစံ အတိုင်း ဖြစ်အောင် ကျွမ်းကျင်သူ ပညာရှင်တွေက စနစ်တကျ ပြန်လည်ပြုပြင်နိုင်တော့မှာဖြစ်ပြီး၊ ယူနက်စကို အနေနဲ့ လည်း ပုဂံကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် ပြန်လည်သတ်မှတ်နိုင် တော့မှာဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှာ သတ်မှတ် ကြေညာဖို့ အလွန်နီးစပ်ကြောင်း ယူနက်စကိုရဲ့ရန်ကုန်ရုံး အကြီးအကဲ ဆာဒါအူမာ အလမ် က ပြောပါတယ်။
ပထမဦးစားပေး ပြုပြင်မယ့် အုပ်စုမှာ အဆောက်အအုံ ၄၁ ခုရှိပြီး၊ ပြုပြင်ချိန် ၂ နှစ် ကြာမယ်လို့သိရပါ တယ်။ ပြင်ဆင်ရမယ့် အဆောက်အအုံပေါင်း ၄၅၃ ခုရှိပြီး၊ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်း အထိ ကုန်ကျဖွယ်ရှိတယ်လို့ သတင်းမှာ ဖေါ်ပြပါတယ်။