မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ထဲက ရှေးဟောင်းအဆောက်အအုံဇုန်ထဲမှာ မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်ဖို့ မြေတူးနေတာကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဟိုတယ်တည်ဆောက်မယ့်နေရာဟာ ရှေးဟောင်းကျောက်စကားမြို့နေရာပေါ်မှာ ရှိနေပြီး အဲဒီမြို့ဟာ ပုဂံဒေသ ထက် ရှေးပိုကျတဲ့ မြို့ဖြစ်နိုင်တာကြောင့် ထိန်းသိမ်းရမယ့်နေရာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသန ပညာအသင်း အတွင်းရေးမှူး ဦးသူရအောင် က ပြောပါတယ်။
"ဒီဟိုတယ်စီမံကိန်းလုပ်တဲ့နေရာသည် ကျောက်စကားမြို့ဟောင်းနဲ့ မလွတ်ကင်းဘူး။ ကျောက်စကားမြို့ဟောင်း နေရာပေါ့နော်။ ကျောက်စကားမြို့ဟောင်းက ဘာထူးခြားလဲဆိုတော့ ပုဂံမှာ၊ ကျနော်တို့ ပုဂံကိုပြောရင်တော့ ၁၁ ရာစုပေါ့နော်။ ၁၁ က စတယ်။ အဲ့ဒီထက်စောတဲ့ အထောက်ထားတွေကို ရှေးဟောင်းပညာအထောက်ထားတွေနဲ့ ကျောက်စကားမြို့မှာ တွေ့တယ်ပေါ့။ တွေ့တော့၊ တကယ်တမ်း အသေးစိတ် ကျနော်တို့ လုပ်နိုင်မယ်ဆိုလို့ ရှိရင်တော့ အဲ့ဒီနေရာမှာ တူးတာဖော်တာမျိုးလုပ်ရင်တော့ ထွက်လာနိုင်တယ်လို့ ယူဆလို့ ကျနော်တို့က ထိန်းထားတဲ့သဘောပေါ့"
ဌာနရဲ့ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေတာဖြစ်သလို ခွင့်ပြုချက်တင်လာရင်တောင် ခွင့်ပြုလို့မရတဲ့နေရာ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။
"အဲဒါက ကျနော်တို့ဆီက ခွင့်ပြုချက်ပေးမထားသေးလို့ လောလောဆယ်မှာတော့ တားမြစ်ထားပါတယ်။ လက်ရှိဥပဒေအရတော့ ကျနော်တို့ဆီကနေပြီးတော့မှ ကြိုတင်ခွင့်ပြုချက် ယူရပါတယ်ခင်ဗျ။ ယဉ်ကျေးမှု အမွေအနှစ်ထဲမှာ ဆောင်ရွက်မယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူပြီးမှသာ ဆောင်ရွက်ရပါတယ်။ ကြိုတင် ခွင့်ပြုချက်မယူဘဲ ဆက်ပြီးတော့လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေတော့ ရှိလာနိုင် မှာပေါ့နော်။ ခွင့်ပြုချက် တင်မယ်ဆိုရင်တောင်မှ အဲ့ဒီနေရာက ခွင့်ပြုလို့မရတဲ့နေရာလည်း ဖြစ်ပါတယ်"
၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ဆန့်ကျင်နေတဲ့အပြင် ရှေးဟောင်း သုတေသနဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေတာဖြစ်တဲ့အတွက် အမြန်ဆုံးရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြတ်မင်းကုမ္ပဏီဟာ ပုဂံမြို့သစ်၊ ရွှေတွင်းရပ်ကွက်က စေတနာကြီးဘုရားနဲ့ ကျောင်းကြီးညီမဘုရား အနီးက မြေဧရိယာ ၂၄ ဧကကျော်မှာ အခန်းပေါင်း ၃၄၀ ကျော်ပါဝင်မယ့် ဟိုတယ်ဆောက်လုပ်ဖို့ တင်ပြလာတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ခွင့်ပြုချက်ပေးလိုက်တဲ့ အစိုးရဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ပုဂံဒေသကို စီမံခန့်ခွဲနေတဲ့ တာဝန်ရှိကော်မတီတွေ ကိုလည်း မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းက ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာရှေးဟောင်းသုတေသနပညာအသင်းဟာ ရှေးဟောင်းသုတေသနပညာနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။