အဖမ်းခံရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ ဧရာဝတီတိုင်း လယ်သမား ၁ ထောင်နီးပါး ဆန္ဒပြ


2013.07.16

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းနဲ့ ဝါးခယ်မမြို့နယ်တွေက လယ်သမား  ၁၀၀၀ နီးပါးလောက်က သူတို့ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ အဖမ်းခံထားရတဲ့ လယ်သမားတွေကို ပြန်လွှတ်ပေးဖို့အတွက် မနေ့က မော်လမြိုင်ကျွန်းမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမောင်မောင်အေးက   ခုလိုပြောပါတယ်။

သူတို့လက်ထဲမှာ မူလပြေစာတွေရှိရဲ့သားနဲ့ သူတို့လယ်သူတို့မလုပ်ရတာ တချို့က ၁၈ နှစ် ၁ဝ နှစ်အဲလိုပေါ့၊ သူတို့ကို တရားရုံးမှာ စွဲပြီးတော့ဖမ်းတယ်၊ သူတို့တရားရုံးမှာ ရင်မဆိုင်နိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့မှာပိုက်ဆံမရှိဘူး၊ တရားရုံးတစ်ခါသွားရင် ငွေ ၂ သောင်းခွဲ၊ ၃ သောင်းကုန်တယ်၊ အကြိမ်ကြိမ်ချိန်းတာ သူတို့မခံနိုင်တဲ့အတွက် လယ်သမားတွေကို ထပ်ဖမ်းမယ်ဆိုရင် ဒီမိသားစုအလိုက် အဖမ်းခံဖို့ဆုံးဖြတ်ပြီးတော့ မြို့တက်ပြီးတော့ အဖမ်းခံနေတာဖြစ်တယ်”

မော်လမြိုင်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ်တရားသူကြီး၊  မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဌာနမှ တာဝန်ရှိသူတွေဟာ လယ်သမားခေါင်းဆောင်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီလိုဆွေးနွေးခဲ့တဲ့အခါ မြို့နယ်တရားသူကြီးက လယ်ယာမြေတွေကို ဘယ်သူပိုင်တယ်ဆိုတာ သူတို့အနေနဲ့ ဆုံးဖြတ်လို့မရကြောင်း၊ သူတို့တာဝန်ဟာ ကျူးကျော်မှုနဲ့ တိုင်ကြားမှုတွေရှိရင် တရားစွဲရမယ့် တာဝန်ရှိတယ်လို့ပြောကြောင်း သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက လယ်သမားတွေတောင်းဆိုတဲ့ကိစ္စကို ၃ လအတွင်း ပြေလည်အောင် ဆောင်ရွက်ပေးပါမယ်ဆိုပြီး ကတိပေးပြောဆိုသွားတယ်လို့  ဦးမောင်မောင်အေးက ပြောပါတယ်။

လယ်သမားတွေအနေနဲ့ကတော့ ၃ လစောင့်ကြည့်လို့မှ အခြေအနေတွေ ထူးခြားမှုမရှိရင် ဆက်လက်ဆန္ဒပြသွားမယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။