အရာတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ

RFA Burmese
2023.02.24
အရာတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးရ အရာတော်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မင်းရွာ၊ မလဲသာနဲ့ ကန်ရင်း စတဲ့ ရွာတွေဘက်မှာ PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် အဲဒီ ရွာသုံးရွာအပါအဝင် ကျေးရွာခြောက်ရွာက ဒေသခံ တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ အရာတော်ဒေသခံတွေက ပြောပါတယ်။

ထွက်ပြေးရတဲ့ဒေသခံတွေဟာ တောတောင်နဲ့ လျှိုမြောင်တွေထဲ ပုန်းအောင်းနေကြရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အရာတော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီလောက်ကစပြီး မင်းရွာထဲကို လေကြောင်းကနေ နာရီဝက်လောက်ကြာအောင် ပစ်ခတ်တိုက်ခိုက်တယ်။ Mi 35 နဲ့လာပစ်တာ။ မင်းရွာထဲက နေအိမ်ရှစ်လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ နောက်တစ်ရက် ၂၃ ရက်မှာကျတော့ ကန်ရင်းနဲ့ မလဲသာရွာနှစ်ရွာကိုလေကြောင်းထပ်ပြီး တိုက်ခိုက်တယ်။ လေယာဉ်ပေါ်က စစ်ကူတွေချသွားတယ်။ အခုထိ အဲဒီရွာတွေမှာ တပ်စွဲထားတုန်းပဲ။ မြေပြင်နဲ့ ဝေဟင်ကပါ ပေါင်းပြီးစစ်ကြောင်းထိုးနေတာ”

ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း နွားမသင်း (အနောက်) ရွာကို အင်အား ၁၀၀ လောက် ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာပြီး နွားမသင်း (အနောက်) ရွာက နေအိမ် ၅၀ နီးပါးလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၂ နဲ့ ၂၃ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း အရာတော်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ပွဲတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ဖော် ပြောပြတာ မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေး ဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ထုတ်ပြန် ချက်တွေအရ အာဏာသိမ်း နှစ်နှစ်အတွင်းမှာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၆၅၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၈၈ ဦး သေဆုံးခဲ့သလို နောက်ထပ်အရပ်သား ၃၇၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခ တွေကြောင့် စစ်ကိုင်းတိုင်း မှာ ဒေသခံ ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။