ကျီစုစက်မှုဇုန်အတွင်း ကျူးကျော် တဲတွေကို အင်အားသုံးဖယ်ရှား
2015.01.30

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကျီစုစက်မှုဇုန်စီမံကိန်းထဲမှာရှိတဲ့ ကျူးကျော်တဲ ၁၀၀ ကျော်ကို မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ လူအင်အား ၂၀၀၀ လောက်က ဒီနေ့ အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
နှစ်ပေါင်းဆယ်စုနဲ့ချီ နေထိုင်လာခဲ့တဲ့ လူနေတဲတွေ ဖျက်ဆီးခံရတဲ့အပေါ် အဲဒီမှာနေထိုင်သူ ဒေါ်အေးက ဆုံးရှူံးနစ်နာမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။
"သွပ်တွေလည်း အကုန်ယူသွားတယ်၊ ဒန်အိုးဒန်ခွက်တွေလည်း အကုန်ယူသွားတယ်၊ ကိုယ့်ကလေးတွေ ခိုက်မိမှာကြောင့်လို့၊ ကလေးတွေပဲခေါ်ပြီးတော့ ဘေးမှာထိုင်နေရတယ်၊ ဝါးလုံးလေးတွေ ဓနိလေးတွေ ကိုယ်ကကောက်ပြီးတော့ ပုံထားတာလေးတွေကအစ သူတို့ကကားပေါ်တင်သွားတယ်၊ ဘာမှစောင်စုတ်တစ်ခုတောင်မကျန်ခဲ့ဘူး၊ ချက်စားစရာဆို အိုးခွက်မရှိဘူး၊ ကျောင်းသားတွေလည်း ထမင်းမစားရဘူး"
အဲဒီကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းကြားစာ ၃ ကြိမ် ပေးပို့ထားတယ်လို့ သိရပါတယ်။
ကျီစုစက်မှုဇုန်စီမံကိန်းအတွက် မြေဧက ၁၀၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်လောက်က သိမ်းယူထားတာဖြစ်ပါတယ်။
အဲဒီမြေဧက ၁၀၀ ကျော်ကို ပိုင်ဆိုင်သူ ၁၉ ဦးကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လျော်ကြေးအဖြစ် ငွေကျပ် ၂သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ တဲအိမ်အဖျက်ခံရသူတွေဟာ စက်မှုဇုန်စီမံကိန်း အကောင်အထည်မဖော်ခင် အဲဒီမြေလွတ်ပေါ်မှာ ကျူးကျော်နေထိုင်ကြသူတွေဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။