မင်းလှနာရေးအသင်း နှောင့်ယှက်ဖိအားပေးခံနေရ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချီးကျူးထောပနာပြုခံရတဲ့ ပဲခူးတိုင်း အနောက်ခြမ်း မင်းလှ မြို့နယ်က နာရေးကူညီမှုအသင်းရဲ့ နာယကအဖွဲ့ဝင်တွေကို မြို့နယ်အာဏာပိုင်တွေက နှောင့်ယှက် ဖိအားပေးနေတယ်လို့ သိရပါတယ်။

တောင်းရမ်းပြီး အသက်မွေးနေရသော အဖွားအို နှစ်ဦး ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးသူများ၏ နာရေးကိစ္စများကို ကုသိုလ်ဖြစ် ကူညီဆောင်ရွက်ပေးသော အသင်းအဖွဲ့များ မြန်မာနိုင်ငံ မြို့ရွာ အတော်များများတွင် ပေါ်ပေါက်နေပါသည်။ (Photo: AFP)
တောင်းရမ်းပြီး အသက်မွေးနေရသော အဖွားအို နှစ်ဦး ဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးသူများ၏ နာရေးကိစ္စများကို ကုသိုလ်ဖြစ် ကူညီဆောင်ရွက်ပေးသော အသင်းအဖွဲ့များ မြန်မာနိုင်ငံ မြို့ရွာ အတော်များများတွင် ပေါ်ပေါက်နေပါသည်။ (Photo: AFP) ((Photo: AFP))

ဖိအားပေးခံနေရတဲ့ နာရေးကူညီမှုအသင်းကတော့ မြင့်မြတ်ကြယ်စင် ဆိုတဲ့ မင်းလှမြို့နယ်က နာရေးကူညီမှုအသင်း ဖြစ်ပြီး အသင်းရဲ့ နာယကတွေဟာ မြို့နယ်အာဏာပိုင်တွေရဲ့ မကြာခဏ ခေါ်ယူပြီး စုံစမ်း မေးမြန်းတာမျိုးတွေ လုပ်တာကို ခံနေကြရပါတယ်၊ တချို့ နာယက အဖွဲ့ဝင်တွေ စိတ်ညစ်ပြီး ထွက်သွားကြပြီလို့ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက အမျိုးသမီး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ်မှာ မင်းလှမြို့နယ်က နာရေးကူညီမှုအသင်းရဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကား ထုတ်ဖော် ပြောဆိုလိုက်အပြီး နောက်ပိုင်းမှာ အခုလိုလုပ်လာတာ ဖြစ်တယ်လို့ အသင်းဝင် လူငယ်တဦး က RFA ကို အခုလို ပြောပါတယ်။

“အန်တီစုကနေပြီးတော့ လူငယ်တွေ လုပ်တာကောင်းတယ် ဆိုတဲ့အကြောင်းတွေ အဲဒါပြောတာနဲ့ ဒါက ဘယ်လိုသတင်း ရောက်သွားလဲ ဆိုပြီးတော့ မယကက ခေါ်တာပေါ့။ နိုင်ငံရေးနဲ့များ ပတ်သက်နေသလား ဘာညာဆိုပြီးတော့ အဲဒီ လူကြီး တွေကနေပြီးတော့ တောက်လျှောက် အစည်းအဝေး ခေါ်ခေါ်ပြီးတော့ လုပ်နေတယ်ပေါ့နော်။ အဲဒါနဲ့ တချို့ နာယက တွေက နုတ်ထွက်သွားကြတယ်။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခေါ်ခေါ်ပြီးတော့ အဲလို ချက်ကင် လုပ်တဲ့အခါကျတော့ သူတို့လည်း အနှောင့်အယှက်ဖြစ်ပြီး ထွက်သွားကြတာပါ။”

အဲဒီနာရေးးကူညီမှုအသင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတုန်းက စုပေါင်းထည့်ဝင်ကြတဲ့ အလှူငွေတွေနဲ့ မတည်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်သလို အသင်း စတင်ဖွဲ့စဉ်တုန်းကလည်း ဦးဆောင်သူတွေဟာ နိုင်ငံရေးနဲ့ မပတ်သက်တဲ့အကြောင်း ခံဝန်လက်မှတ် ရေးထိုးထားရတယ်လို့ ဆက်ပြောပါတယ်။

သူတို့ရဲ့ လူမှုရေးလုပ်ဆောင်နေမှုအပေါ် အကောင်းအဆိုးကို လူတိုင်း ဝေဖန်ပြောဆိုနိုင်ခွင့် ရှိကြောင်းနဲ့ လူကြီးတွေ မရှိရင်တောင် လူငယ်တွေက ဆက်လုပ်သွားကြဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အကြောင်း ခုနလူငယ်ကပဲ ဆက်ပြောပြပါတယ်။။

“အသင်းကတော့ ပျက်ပြယ်သွားမှာတော့ မဟုတ်ပါဘူး။ ဒီအဆောက်အဦးတွေနဲ့ ငွေကြေးတွေနဲ့ သေချာလုပ်ထားတာကိုး။ လူကြီးတွေ မရှိဘူးဆိုရင်တော့ ကျနော်တို့ လူငယ်တွေက ဝိုင်းကြိုးစားပြီးတော့ပဲ ဆက်ပြီးတော့ပဲ လုပ်ရမှာပေါ့။ ကျနော်တို့က နိုင်ငံရေးအဖွဲ့လည်း မဟုတ်ပါဘူး။ အန်တီစုတင် မဟုတ်ပါဘူး ဘယ်သူပဲဖြစ်ဖြစ် ချီးကျူးလို့ရတယ်၊ ကန့်ကွက်လို့ ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဝင်လို့ရပါတယ်။ ဖိအားပေးပြီးတော့ ဒီဟာ နိုင်ငံရေး ဘာညာဆိုတာကတော့ ကျနော်တို့ကိုတော့ လုပ်ရတာ နည်းနည်း အနှောင့်အယှက် ဖြစ်စေတာပေါ့။ မဖြစ်သင့်ဘူးလို့တော့ ကျနော် ထင်ပါတယ်။ လုပ်ရတဲ့လူတွေ အတွက် မလွတ်လပ်ဘူး ဖြစ်သွားတာပေ့ါ။”

ဒီလိုဖြစ်ရပ်တွေကြောင့် အသင်းရဲ့ နာယကအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းဟန်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ နုတ်ထွက် သွားသလို တခြား ဦးဆောင်သူတချို့လည်း နုတ်ထွက်ကြတော့မဲ့ အခြေအနေ ရှိနေတယ်လို့ သူကပြောပါတယ်။

မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်းရုံးကို မင်းလှမြို့နယ် ရပ်ကွက်အမှတ် ၃ မှာ ရှိတဲ့ မော်တော်ယာဉ်အသင်း ရုံးမှာ ယာယီဖွင့်လှစ်ထားပြီး နာရေးနဲ့ပတ်သက်တဲ့ ကိစ္စအဝဝ မှန်သမျှကို အကူအညီ တောင်းရင် အချိန်မရွေး ကူညီလုပ်ဆောင် ပေးနေတာဖြစ်ကြောင်း သိရပါတယ်။