ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ
2015.03.30

ဗုဒ္ဓဘာသာတရားတော်နှင့် မသက်ဆိုင်သော အကြောင်းအရာများ ဟောကြားတဲ့အတွက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်တဲ့စာဟာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပတဲ့ ၄၇ပါး စုံညီအစည်းအဝေးက ဆုံးဖြတ်ခဲ့တာ လို့ ဆိုပါတယ်။ ဒီစာထုတ်ပြန်လိုက်ကြောင်းကြား သိရပေမဲ့ ခုချိန်အထိ လက်ထဲကို စာမရောက်သေးဘူး လို့ ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။
အဲဒီစာမှာ ရွှေညဝါဆရာတော် ဦးပညာသီဟကို သဃာ့နာယကအဖွဲ့ရဲ့ ဆိုဆုံးမတာကို နာခံမူမရှိသူ ‘ဒုဗ္ဗစ’ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်ထားသလို ဓမ္မကထိကဂုဏ်အင်္ဂါနဲ့ မညီတဲ့အတွက် တရားဟောခြင်းကို ပိတ်ပင်ကြောင်း ရေးသားထားပါတယ်။
ရွှေညဝါဆရာတော်ကို နိုင်ငံတော်သံဃာ့နာယကအဖွဲ့က အလားတူပိတ်ပင်တဲ့အမိန့်ကို ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလက တစ်ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဦးတင်အောင်ခိုင်ရဲ့ ရွှေညဝါဆရာတော်နဲ့ ဆက်သွယ်လျှောက်ထားချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။