အာဏာသိမ်း ထိုင်း စစ်ခေါင်းဆောင် မြန်မာနိုင်ငံကို လာရောက်မည်
2014.09.12

ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယု ချန်အိုချာဟာ သူ့ရဲ့ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ ထိုင်းအစိုးရအရာရှိ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဟာ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ရှိပြီး၊ ခရီးစဉ်ကို အခုလကုန် ဒါမှမဟုတ် အောက်တိုဘာလဆန်းမှာ စတင်နိုင်လိမ့် မယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုတိယဝန်ကြီးက ပြော ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံခြားခရီးစဉ်တွေထဲ မှာ မြန်မာနိုင်ငံကို ပထမဆုံးရွေးချယ်ရတာ ကတော့ မြန်မာဟာ အာဆီယံဥက္ကဌဖြစ်နေတဲ့ အတွက်ကြောင့်လို့ အဲဒီအရာရှိက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဗိုလ်ချုပ်ကြီး ပရာယု ဦးဆောင်တဲ့ စစ်အစိုးရက ကြေညာထားသလို၊ မြန်မာနိုင်ငံမှာလည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်း မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။
ထိုင်းစစ်တပ်ဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ အရပ်သားအစိုးရထံကနေ ပြီးခဲ့တဲ့ မေလအတွင်း အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လအရောက်မှာ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုနဲ့ ဘန်ကောက်မြို့မှာ သွားရောက်တွေ့ဆုံပြီး၊ အာဏာသိမ်းမှုကို ထောက်ခံကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။