စာရေးဆရာကြီး မောင်သာရ အမေရိကားမှာ ကွယ်လွန်
ဘဝသရုပ်ဖော်စာပေတွေကို တခြားစာရေးဆရာများနဲ့ မတူူ တမူထူးပြီး လက်စွမ်းပြ ရေးသားခဲ့တဲ့ စာရေးဆရာ ကြီးမောင်သာရ (၈၇-နှစ်) ဟာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
-
2016-02-29 -
-
-
ဘဝသရုပ်ဖော်စာပေတွေကို တခြားစာရေးဆရာများနဲ့ မတူူ တမူထူးပြီး လက်စွမ်းပြ ရေးသားခဲ့တဲ့ စာရေးဆရာကြီးမောင်သာရ (၈၇-နှစ်) ဟာ အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ မနေ့က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။
လွန်ခဲ့တဲ့ သုံးလေးနှစ်ကစပြီး ဆေးရုံ အကြိမ်ကြိမ်တက်ရောက်ကုသနေရပြီး သူ ကွယ်လွန်သွားတဲ့ အကြောင်း Rehab ပြန်လည်နာလန်ထဆေးရုံက အကြောင်းကြားမှ မိသားစုကသိရတာလို့ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ အခြေစိုက် မန္တလေးဂေးဇက် သတင်းစာတာဝန်ခံ ဒေါ်နီလာစိန်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ညနေ ၆ နာရီက ပြောပါတယ်။
"၂၉ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၅ မှာဆုံးတာ၊ နေမကောင်းတာအတော်ကြာပြီ၊ ဆေးရုံကို တက်လိုက်၊ ဆင်းလိုက်နဲ့၊ ဆေးရုံကနေအခုမှ ကာယကံရှင်တွေကို ဖုန်းဆက်ပြီးပြောတာ၊ အခုမှအလောင်းရှိတဲ့နေရာကို လိုက်နေတုန်း "
အသက် ၈၀ ကျော်နေပြီဖြစ်တဲ့ မောင်သာရဟာ လုံးချင်းဝတ္တုတွေကို ထူးခြားတဲ့ နာမည်တွေနဲ့ မတ်တပ်ရပ်လို့ လမ်းမှာငို၊ ကျဉ်တုပ်ခံဝံ့မခံဝံံ့၊ ထဘီကျွတ်၍ လွှတ်လိုက်သည်၊ ကတ္တီပါ ဖိနပ်စီး ရွှေထီးဆောင်း၊ ယုန်နဲ့အတူပြေး ခွေးနဲ့ အတူလိုက်၊ တို့ဘက်က ကြည့်တော့ သူရဲကောင်း သူတို့ဘက်ကကြည့်တော့ သစ္စာဖောက်၊ ရှင်ဘုရင်နဲ့ ညားတော့မိဖုရား စတဲ့ လုံးချင်းဝတ္တုတွေ ရေးသားခဲ့ပြီး ထုတ်ဝေသမျှလည်း အောင်မြင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ စာပေစိစစ်ရေးက တင်းကျပ်လွန်းတဲ့အတွက် လုံးချင်းတွေ မထုတ်ဝေနိုင် ခဲ့ပါဘူး၊ ဆရာ မောင်သာရဟာ အာအက်ဖ်အေ- လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်း အစီအစဉ်အတွက် အသစ်ပုံ အဖြစ်စုံ အပတ်စဉ်ကဏ္ဍကို မကြာခင်နှစ်ပိုင်းတွေမှာ လပေါင်းအတော်ကြာ ထုတ်လွှင့်ခဲ့ဖူးပါတယ်။