စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ဩစတြးလျလွှတ်တော် တိုက်တွန်း

2021.06.25
စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ဩစတြးလျလွှတ်တော် တိုက်တွန်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလကုန်ပိုင်းက မြန်မာနိုင်ငံသားတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေစဉ်။
File Photo/Reuters

မြန်မာစစ်အစိုးရခေါင်း‌ဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ တိုးမြှင့်ချမှတ်ဖို့၊ ဩစတြေးလျ လွှတ်တော်အမတ်တွေက အစိုးရကို ဖိအားပေးထားကြပါတယ်။ ဒါ့ပြင် ဩစတြေးလျရောက် မြန်မာနိုင်ငံသားတွေအတွက် အမြဲတမ်းနေထိုင်ခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့လည်း ဆော်ဩလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံရဲ့ အဓိကပါတီကြီးနှစ်ရပ်က ပါတီဝင်တွေပါဝင်တဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေး နဲ့ ကုန်သွယ်ရေး ဆိုင်ရာ ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ အဲဒီကော်မတီမှာ ဩစတြေးလျရဲ့ အဓိကရ ပါတီကြီးနှစ်ရပ်က အဖွဲ့ဝင်တွေ ပါဝင်ကြပါတယ်။

ဩစတြေးလျအနေနဲ့ မြန်မာ နဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆိုင်းငံ့ထားဆဲ ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအစောပိုင်းကတော့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆိုင်းငံ့ဖို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ ဩစတြေးလျရောက် မြန်မာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တခဲနက်ကန့်ကွက်ခဲ့ကြပါတယ်။

အခုလို သဘောထားအမြင် ကွဲပြားမှုတွေရှိနေပေမယ့် ဩစတြေးလျအစိုးရအနေနဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေလိုပဲ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ချိတ်ဆက်နေတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နဲ့ မြန်မာ့စီပွားရေး ဦးပိုင်လိမိတက်လို အဖွဲ့အစည်းတွေ ကို ဆက်လက်ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ ဩစတြေးလျ လွှတ်တော်အမတ်တွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။