စစ်ကောင်စီကို သြစတြေးလျမှာ ဆန္ဒပြ

သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေက မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု ဆန့်ကျင် တဲ့ဆန္ဒပြပွဲကို နိုင်ငံအနောက်ဘက် ပါ့သ်မြို့မှာ အောက်တိုဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဖြစ် ဆက်လက်အသိအမှတ်ပြုဖို့၊ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲ တို့ကို ပြန်လွှတ်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။
အဲဒီအပြင် သြစတြေးလျနိုင်ငံအနေနဲ့လည်း မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေရပ်ပြီး တာဝန် ရှိသူတွေကို အရေးယူအောင်ဖိအားပေးဖို့၊ မြန်မာစစ်တပ်ကို လက်နက်နဲ့ နည်းပညာ ရောင်းချနေတဲ့ ကုမ္ပဏီ တွေကို တားဆီးပေးဖို့၊ အာဆီယံသဘောတူချက် ငါးရပ်ကို လိုက်နာအောင် ဖိအားပေးဖို့၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ကို တရားဝင် အသိအမှတ်ပြုဖို့ နဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီ တွေ တိုးမြှင့်ပေးအပ်ဖို့ သြစတြေးလျအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ မြန်မာတိုင်းရင်းသားတွေနဲ့ အတူ သြစတြေးလျနိုင်ငံသားတွေလည်း ပါဝင်ပြီး၊ စုစုပေါင်းအင်အား ၁၀၀ လောက် ပါဝင်ခဲ့ပါတယ်။