ပိတ်ဆို့မှု ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံ ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည်ကြိုဆို

အရင် စစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အခုအခါ ယာယီဆိုင်းငံ့ဖို့ သြစတြေးလျနိုင်ငံက ဆုံးဖြတ်လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။

2012.06.06
assk-bob-carr-0606-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
Photo courtesy of NLD

မနေ့က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း ပိတ်ဆို့အရေးယူမှုတွေ ပြန်ရုပ်သင့် မသင့် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မိမိ အနေနဲ့ကတော့ ပိတ်ဆို့မှု ဆိုင်းငံ့ထားတာကို ထောက်ခံကြောင်း၊ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေ ရှေ့မတိုးတော့ဘူးဆိုရင် အခုလို ဆိုင်းငံ့ပေးထားတာကို ပြန်လည် ရုပ်သိမ်းနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

သြစတြေးလျအစိုးရဟာ မြန်မာအပေါ် အထွေထွေကုန်သွယ်ရေး ပိတ်ဆို့ထားတာတော့ မဟုတ်ပေမဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ အလွန်နည်းပါးပြီး ဂျုံနဲ့ တခြားစားသောက်ကုန် တချို့လောက်သာ ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကတော့ သြစတြေးလျအစိုးရဟာ သမ္မတ ဦးသိန်းစိန်အပါအဝင် လူပုဂ္ဂိုလ်နှစ်ရာကျော်ကို ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲက ပယ်ဖျက်လိုက်ပါတယ်။

လူပုဂ္ဂိုလ် (၁၃၀) လောက်ကိုတော့ ပိတ်ဆို့ခံ စာရင်းထဲမှာ ဆက်လက်ထားရှိပါတယ်။ ကာကွယ်ရေးဆိုင်ရာ ပို့ကုန်တွေကိုလည်း ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

မနေ့က တွေ့ဆုံပွဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Bob Carr က ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်အတွင်းတော့ လာရောက်ဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။