မန္တလေးအခြေစိုက် Mandalay Free Press (MFP) သတင်းဌာန ရုပ်သံထုတ်လုပ်မှုအတွက် အကူအညီပေးနေသူ ကိုအောင်ဇော်ဇော်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)နဲ့ မတ်လ ၂၂ ရက်နေ့မှာပဲ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်နှစ်နှစ် ချလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ဇော်ဇော်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီခန့်က စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်၊ တောက္ကရှပ်ကျေးရွာက သူ့နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အများပြည်သူ အကျိုးပျက်စီးစေမှု ပုဒ်မ - ၅၀၅ (က) နဲ့ တရားစွဲ ခံလိုက်ရတာပါ။
ကန့်ဘလူရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကိုအောင်ဇော်ဇော်ကို မတ်လ ၂၂ ရက်နေ့မှာပဲ တရားရုံးထုတ်ပြီး ထောင်ချလိုက်တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
"သူကိုတော့ လက်ကိုင်ဖုန်းမှာ ဆန္ဒပြတဲ့ အချက်အလက်တွေပါတယ် ပေါ့နော်၊ အဲဒါတွေနဲ့ တရားစွဲတာပေါ့ ၊ နှစ်နှစ် ဒီဂရီချတယ်လို့ သိရတယ်၊ ဘယ်ပို့မယ်၊ ဘယ်နေရာပို့မယ် ဆိုတာကိုတော့ မသိရသေးဘူး"
သူဟာ Mandalay Free Press (MFP) သတင်းဌာနမှာ ရုပ်သံ၊ တည်းဖြတ်လုပ်ငန်းကို ကူညီ လုပ်ကိုင်နေသူ ဖြစ်ပြီး ရာဇ၀တ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားတာမရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ MFP သတင်းဌာနက ဇန်နဝါရီလ ၁၉ ရက်နေ့က တောင်းဆို ထားပါတယ်။
ကိုအောင်ဇော်ဇော်ဟာ မြန်မာ့သတင်းသိပ္ပံ (MJI) ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဧပြီလက ပိတ်သိမ်းခံခဲ့ရတဲ့ မုံရွာဂေဇက်သတင်းဌာနမှာ တစ်နှစ်ခွဲခန့် လုပ်ကိုင်ခဲ့တဲ့ သတင်း ထောက်တစ်ဦးလည်း ဖြစ်ပါတယ်။
ကိုအောင်ဇော်ဇော်ဟာ သူ တရားစွဲခံခဲ့ရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်ကို ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။