ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် လွတ်မြောက်


2018.06.21
maungtaw-court-622.jpg မောင်တောခရိုင်တရားရုံးကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ၂ဝ၁၆ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး လူသတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို မောင်တောခရိုင်တရားရုံးက တရားရှင်လွှတ်ပေးလိုက်ပါတယ်။

တရားလိုပြသက်သေ ၂၁ ဦးကို စစ်ဆေးပြီးနောက် စွဲဆိုထားတဲ့ပုဒ်မတွေနဲ့ မငြိစွန်းတဲ့အတွက် ဦးအောင်ဇော်ဝင်းကို တရားရှင်လွှတ်လိုက်တာဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသင်္ခါကျော် က ဒီကနေ့ ပြောပါတယ်။

"သက်သေက ၂၁ ယောက် စစ်ပါတယ်။ တရားလိုပြသက်သေ ၂၁ ယောက်ထဲမှာ အခုနေပြည်တော်က နေပြည်တော်က သတင်းတပ်ဖွဲ့ကသူတွေလည်းပါတယ်။ နောက်ပြီးတော့ မှုခင်းတပ်ဖွဲ့ကသူတွေလည်းပါတယ်။ နောက်ပြီးတော့ နယ်ခြားစောင့်တပ်က ဒုရဲမှူးအဆင့်တွေလည်း ပါပါတယ်။ သက်သေ ၂၁ ယောက်စစ်ပြီးတဲ့ အခါမှာ သူ့ကိုစွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့ မငြိစွန်းဘူးဆိုပြီး တရားရှင်လွှတ်လိုက်တာပါ"

မောင်တောခရိုင်တရားရုံးမှာ လူသတ်မှုနဲ့ တရားစွဲဆိုပြီး မြို့နယ်တရားရုံးမှာ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု၊ လက်နက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်းနဲ့ မြို့နယ်တရားရုံးကလည်း တရားစွဲဆိုထားမှုတွေကို တရားရှင်လွှတ်ပေးလိုက်ပြီလို့ ပြောပါတယ်။

ရှိုင်းဆောက်လုပ်ရေးကုမ္မဏီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း အပါအဝင် ၄၅ ဦးကို ဒုရဲမှူး ထွန်ထွန်းစိုးက ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ငခူရရဲကင်းစခန်း တိုက်ခိုက်ခံရမှုမှာ အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဦးအောင်ဇော်ဝင်းဟာ တရားခံပြေးအဖြစ် သတ်မှတ်ခံထားရပြီး အခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး တရားရုံးတင် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တရားရုံးတင် စစ်ဆေးခံရစဉ်ကာလအတွင်း ဦးအောင်ဇော်ဝင်းကို ဘူးသီးထောင်အကျဉ်းထောင်မှာ ထိန်းသိမ်းထား ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။