အောင်စိုးမိုးကျော်ရေယာဉ် နစ်မြုပ်မှု သေဆုံးသူ ၆၀ နီးပါး ရှိနေ


2016.10.19
aungsoemoekyaw-boat-620.jpg စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းရွာအနီးမှာ မြုပ်သွားတဲ့ အောင်စိုးမိုးကျော်ရေယာဉ် ပြန်လည်ဆယ်ယူနေတာ ကို အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar Fire Services Department Facebook

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုမှာ ဒီနေ့ညနေ အထိ ရုပ်အလောင်း ၆၀ နီးပါးကို ဆယ်ယူရရှိထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

ရေယာဉ်ထဲမှာ လောလောဆယ် အလောင်း ၇ လောင်းကို ထပ်တွေ့ထားတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"ကရိန်းနဲ့ ဆောင့်ပြီး အမိုးကိုဖွင့်လိုက်တာပေါ့နော် အခုခေါင်းပိုင်းကို စဖွင့်နေတယ်၊ ခေါင်းပိုင်းမှာ အခုလောလော ဆယ် အလောင်းတွေ ၆ လောင်းလောက် ထုတ်ပြီးပြီ၊ ခေါင်းခန်းထဲက ပိုက်ဆံအိတ်တွေ ရတနာပစ္စည်းတွေ အဲ့ဒါတွေကို ထည့်နေကြတယ်၊ တစ်ခန်းခြင်းဖွင့်နေတာ အခုဖော်နေတာ ပေါ်နေပြီ ၇ လောင်း ၈ လောင်းလောက် ရှိသွားပြီ"

ရေယာဉ်နစ်မြုပ်မှုကြောင့် သေဆုံးသူတွေအတွက် ရည်စူးပြီး ရက်လည်ဆွမ်းသွပ်ပွဲကို တိုင်းဒေသကြီးအစိုးရက ဒီနေ့ ကနီမြို့နယ် မိချောင်းတွင်းကျေးရွာ၊ သာသနာ့ရက္ခိတ ကျောင်းတိုက်မှာ ကျင်းပခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင် တချို့လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် မိချောင်းတွင်းကျေးရွာအနီး ချင်းတွင်းမြစ်ကြောင်းတလျှောက်မှာ သံဃာတော်တွေက ရေယာဉ်နဲ့ ပရိတ် ရွတ်ဖတ်ခဲ့ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မနက်က ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကို ပြေးဆွဲတဲ့ အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်ရာမှာ အသက်ရှင်ကျန်ရစ်သူ ၁၅ဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၅၀ကျော် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

သေဆုံးသူတွေထဲမှာ ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကလေးတွေ အများစုပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။