NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိုးရဲ့ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေး

2021.12.31
NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိုးရဲ့ အဖမ်းခံထားရတဲ့ မိသားစုဝင်တွေ အဆက်အသွယ်မရသေး ကိုအောင်နေမျိုးရဲ့ အသက် ၇၅ နှစ်အရွယ် ဖခင်ကို တွေ့ရစဉ်
ဓာတ်ပုံ - ကိုအောင်နေမျိုး - ဖေ့စ်ဘွတ်

ဒီဇင်ဘာ ၁၈ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ PVTV ရုပ်သံ အစီအစဉ်မှာ သရော်စာကဏ္ဍ တင်ဆက်နေသူ ကိုအောင်နေမျိုးရဲ့ မိသားစုဝင် ငါးယောက်စလုံး အခု နှစ်ပတ် ကြာတဲ့အထိ လုံးဝ အဆက်အသွယ်မရသေးဘူးလို့ ကိုအောင်နေမျိုး က ပြောပါတယ်။

ရဲနဲ့စစ်တပ်က ကိုအောင်နေမျိုးရဲ့ လေဖြတ်နေတဲ့ ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နဲ့ တူမ စတဲ့ ဆွေမျိုးရင်းချာ ငါးယောက်ကို စစ်ကိုင်းတိုင်း မုံရွာမြို့နေအိမ်ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အခုလက်ရှိ NUG TV အစီအစဉ်မှာလုပ်နေတဲ့ ကိုအောင်နေမျိုး ဟာ ပုဒ်မ - ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ် ခံထားရတာကြောင့် သူရော မိသားစုဝင်တွေပါ တစ်နေရာစီ ရှောင်ပုန်းနေကြတာပါ။

လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ဖခင်ဖြစ်သူ လေဖြတ်သွားတာကြောင့် မိသားစုဝင်တွေ အိမ်ပြန်လာနေချိန် မိသားစုဝင် ငါးဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားတာလို့ ကိုအောင်နေမျိုး က ပြောပါတယ်။

"ကျနော်က အဝေးမှာဆိုတော့ ဘာမှမသိရဘူး ဖြစ်နေတယ်။ အဖေက လေဖြတ်ထားတော့ နေ့တိုင်း ဆရာဝန်နဲ့ပြနေရတာ။ သူတို့ကို အမှတ် (၁) ရဲစခန်းမှာ အဖမ်းခံထားရတယ်ပဲ သိထားရတယ်။ ကျနော်က ပထမဆုံး သပိတ်မှာ ဝေမိုးနိုင်တို့နဲ့အတူ ပါခဲ့တာ။ အဲဒီမှာ ပုဒ်မ - ၅၀၅ အထုတ်ခံထားရတာ။ ကျနော်က မိဘတွေနဲ့ အတူနေတာမဟုတ်ဘဲ သီးသန့်နေတာကို အခု မိဘအိမ်ကို ဝင်ဖမ်းတာ။ ကျနော်က မင်းအောင်လှိုင် ကို သရော်တဲ့ တပ်ပျက်လုလု ဗိုလ်တက်ပု ကဏ္ဍကို လုပ်နေတာဆိုတော့ အဲဒါကို အစာ မကြေဘဲ မိဘတွေကို ဓားစာခံ ပြန်ပေးဆွဲတယ်။ အိပ်ရာပေါ်မှာ ပက်လက်ဖြစ်နေတဲ့ အဖေကိုတောင် ဖမ်းသွားတာဆိုတော့ တော်တော် ဆိုးဝါးတာပေါ့နော်"

လေဖြတ်နေတဲ့ ဖခင်က အသက် ၇၅ နှစ်၊ မိခင်က ၇၃၊ အစ်မတွေက အသက် ၄၀ ကျော်နဲ့ တူမက အသက် ၂၀ ကျော် အရွယ်တွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ အသက်အရွယ်ကြီးပြီး မကျန်းမာတဲ့ ဖခင်ဟာ ဆေးကုသခွင့် မရမှာ ၊ အာဟာရပြည့်အောင် မစားသောက်ရမှာကို စိတ်ပူနေတယ်လို့ ကိုအောင်နေမျိုးက ပြောပါတယ်။

ကိုအောင်နေမျိုးဟာ စစ်ကောင်စီရဲ့ဖမ်းဆီးမှုကို ထွက်ပြေးတိမ်းရှောင်ရင်း PVTV အစီစဉ်ရဲ့ သရော်စာကဏ္ဍမှာ စီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတာ လေးလကျော်သွားပြီလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။