မြစ်ဆုံစီမံကိန်းမလုပ်ဖို့ တရုတ် သမ္မတကို အောင်လအန်ဆန်း တောင်းဆို


2019.04.13
aunglansang-family-622.jpg MMA ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့ မိသားစုပုံကို တွေ့ရစဉ်
Photo: Aung La Nsang(Burmese Python)

မြစ်ဆုံစီမံကိန်း မလုပ်ဖို့ MMA ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းက တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping ကို တောင်းဆိုလိုက်ပါတယ်။

မြစ်ဆုံဒေသဟာ သဘာဝကပေးထားတဲ့ တန်ဖိုးကြီး လက်ဆောင်တစ်ခုဖြစ်ပြီး အဲဒီမှာ လျှပ်စစ်ထုတ်ယူဖို့ အကြောင်းပြချက်လောက်နဲ့ ကတိကဝတ်တွေ မလုပ်သင့်ကြောင်းကိုလည်း မနေ့က အောင်လအန်ဆန်းရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာကနေ ရေးသား တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံဒေသဟာ သမိုင်းအမွေအနှစ်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ကျူးထားတဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိကြောင်းလည်း တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတွေကတော့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မှုတွေ ရှိနေရင်လည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားထားကြောင်း KBC ခေါင်းဆောင်တွေက ပြောထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင် ရှုထောင့် ၄ ခုကနေ စဉ်းစားတွက်ချက်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ဒေသခံတွေနဲ့ မတ်လ ၁၄ ရက်နေ့က တွေ့ဆုံချိန်မှာ ပြောဆိုထားပါတယ်။

မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးရေးအတွက် သဘာဝပတ်ဝန်းကျင်ပညာရှင်တွေ၊ စာပေပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါတဲ့ ကော်မတီတစ်ရပ်ကိုလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးမှာ ဧပြီလ ၁ ရက်နေ့က အစည်းအဝေးကျင်းပပြီး ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။