ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူချင်းတွေ့ ဆုတောင်းပေးချင်ကြောင်း ကင်မ်ပြော

RFA( Burmese)
2023.06.19
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူချင်းတွေ့ ဆုတောင်းပေးချင်ကြောင်း ကင်မ်ပြော ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် မြန်မာနိုင်ငံကို လာရောက်ပြီး မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့စဉ်။
AFP

ဇွန်လ ၁၉ ရက်နေ့ ဒီနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်မြောက် မွေးနေ့မှာ သူ့အမေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

နောက်နှစ်ဒီအချိန် သူ့အမေရဲ့ ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ဖို့နဲ့ ကိုယ်တိုင်တွေ့ပြီးဆုတောင်းပေးချင်ကြောင်း၊ သူ့အတွေးတွေဟာ သူ့အမေနဲ့အတူရှိနေတယ်ဆိုတာ အမေသိဖို့မျှော်လင့်ကြောင်း ကိုထိန်လင်းက မွေးနေ့အမှတ်တရစကား ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက သူ့အမေအတွက် မွေးနေ့ဆုတောင်းစကားပြောခဲ့တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတစ်ဆင့် ထုတ်လွှင့်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးကတည်းက သူနဲ့အဆက်အသွယ်မရခဲ့ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နေရာအပါအဝင် သူ့အမေရဲ့ အခြေအနေအလုံးစုံကို သိခွင့်မရခဲ့ကြောင်းနဲ့ ဗြိတိန်နိုင်ငံခြားရေးရုံး၊ လန်ဒန်မှာ ရှိတဲ့ မြန်မာသံရုံးတွေကို တိုက်ရိုက်ဆက်သွယ်တောင်းဆိုခဲ့ပေမယ့်လည်း တုံ့ပြန်မှုတစုံတရာ မရှိခဲ့ဘူးလို့ ကိုထိန်လင်း ကပြောပါတယ်။

000_Hkg5089874.jpg
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် မြန်မာနိုင်ငံကို လာရောက်ပြီး မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ ( Photo:AFP)

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့အမှုတွေအားလုံးဟာ အလိမ်အညာတွေသာ ဖြစ်ပြီး စစ်ဆေးမှုတွေဟာလည်း ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့မညီဘူးလို့ သူက ထောက်ပြပါတယ်။ သူ့အမေလိုပဲ မြန်မာနိုင်ငံသား အများအပြားလည်း ဥပဒေချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ်ဖို့ ပထမဆုံးခြေလှမ်းဟာ သူ့အမေကို လွှတ်ပေးဖို့ဖြစ်တယ်ဆိုတာကို စစ်ကောင်စီ က သဘောပေါက်သင့်တယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဟာ လက်ရှိစစ်ပွဲကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံက လူငယ်တွေဟာ သူတို့ရဲ့ လွတ်လပ်မှုကို လုယူခံရတာကို လက်ခံမှာမဟုတ်သလို ဆယ်စုနှစ်တွေများစွာ တိုက်ပွဲဝင်လာတဲ့ တိုင်းရင်းသားတွေကလည်း ခက်ခက်ခဲခဲရလာတဲ့ တိုးတက်မှုတွေကို ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ကင်မ် (ခေါ်) ကိုထိန်လင်း ကပြောပါတယ်။

ကမ္ဘာ့တစ်ဝန်းက အစိုးရတွေကိုလည်း စစ်အာဏာရှင်တွေအပေါ် အဓိပ္ပါယ်ရှိတဲ့ ဖိအားတွေ စတင်ကျင့်သုံးဖို့ မေတ္တာရပ်ခံတယ်လို့ ပြောပါတယ်။ ဗြိတိန်နဲ့ အခြားနိုင်ငံက သံတမန်တွေ၊ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံ ကနေ ထွက်ပြီး NUG နဲ့ ပွင့်ပွင့်လင်းလင်းတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့လည်း ဒေသတွင်းတည်ငြိမ်ရေးနဲ့ လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့်လုပ်ဖို့ မြန်မာပြည် မှာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်မဖြစ်မနေရှိဖို့ လိုအပ်မှာကို မြင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဂျပန်နဲ့ အန္ဒိယနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်ပြီး မသိကျိုးကျွံပြုလုပ်နေတာဟာ အကြောင်းအမျိုးမျိုး ပြပြီး စစ်အစိုးရကို အားပေးနေသလို ဖြစ်လို့ စိတ်ပျက်စရာကောင်းတယ်လို့ ကင်မ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းဟာ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က လန်ဒန်မြို့ မြန်မာသံရုံးရှေ့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြပွဲမှာလည်း သူ့အမေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2023-06-19 15:27

She is a poor leader. because she killed Rohingya people. That's why we don't support .