ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဝန်ကြီးချုပ်တွေကို တပ်မတော်ဖမ်းဆီး
2021.01.31
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေကို တပ်မတော်က ဒီကနေ့ မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ RFA က သတင်းရရှိပါတယ်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ...
"ကျနော်တို့ပါတီက လူတွေကို စစ်တပ်က လိုက်ခေါ်နေပြီ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကြီးတို့ကို စစ်တပ်က ထိန်းသိမ်းလိုက်ပြီလို့ ကြားတယ်။ နောက်ရှမ်းပြည်နယ်က ဝန်ကြီး ဦးစိုးညွန့်လွင်၊ ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေး၊ လင်းခေးမြို့နယ် ဥက္ကဋ္ဌ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ NLD ဗဟိုကော်မတီဝင်ထဲက ဦးဟံသာမြင့်နဲ့ ဦးသိန်းလွင်တို့ကို ထိန်းသိမ်းတယ်လို့ ကြားတယ်။ ကျနော့်ဆီလည်း လာဖမ်းမယ်ဆိုလို့ စောင့်နေတယ်" လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ခေါ်ယူမယ့်နေ့ မနက်လင်းအားကြီးမှာ အခုလို အဖမ်းအဆီး သတင်းတွေ ထွက်ပေါ်လာတာပါ။
NLD ပြောခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က "ဖမ်းရတဲ့ အကြောင်းပြချက်ကတော့ သူတို့ကတော့ မဲစာရင်းကြောင့်ဆိုပြီးပဲ အကြောင်းပြချက်ပေးမှာပဲ၊ ကျနော်တို့ကတော့ ဥပဒေနဲ့ အညီပဲဖြစ်စေချင်ပါတယ်၊ စစ်တပ်က လက်နက်ကိုင်အဖွဲ့ဆိုတော့ သူတို့ လုပ်ချင်ရာ လုပ်ခွင့်ရှိနေတာပဲ" လို့ ပြောပါတယ်။
"ပြည်သူတွေ တည်ငြိမ်ကြပါ၊ စိတ်ခံစားမှုနဲ့ မတုံ့ပြန်စေချင်ပါဘူး၊ တစ်စုံတစ်ရာ လုပ်မယ်ဆိုလည်း ဥပဒေနဲ့ အညီလုပ်ကြစေလိုပါတယ်" လို့လည်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
လောလောဆယ်အထိ RFA က စုံစမ်းသိရှိရသလောက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် အတော်များများကိုလည်း ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားပြီလို့ သတင်းရရှိပါတယ်။
ဒါ့ပြင် နိုင်ငံရေးလှုပ်ရှားသူ တချို့နဲ့ ဗကသ ကျောင်းသားခေါင်းဆောင် တချို့ကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီလို့ သိရပါတယ်။