စာရေးဆရာ ညီမင်းညို စီးလာတဲ့ ကားကို ခဲနဲ့ပစ်ပေါက်
2017.10.07

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ စာပေဟောပြောပွဲကနေ ပြန်လာတဲ့ စာရေးဆရာ ညီမင်းညို လိုက်ပါလာတဲ့ကား ကို စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နားမှာ လူနှစ်ယောက်က ခဲနဲ့ပစ်ပေါက်တာကြောင့် စာရေးဆရာ ညီမင်းညို မျက်နှာမှာ ဒဏ်ရာရရှိခဲ့ပါတယ်။
လူနှစ်ယောက်က ခဲနဲ့ပစ်ပေါက်တာကြောင့် မှန်ကွဲပြီး ဆရာညီမင်းညိုရဲ့ မျက်လုံးအောက်ကို ထိမှန်ခဲ့ပြီး ၉ ချက် ချုပ်ခဲ့ရတယ်လို့ အဲဒီကားပေါ်မှာ အတူပါလာတဲ့ ကဗျာဆရာ ထွဏ်းသွေးအိမ်က ပြောပါတယ်။
"ကျောက်ဆည်ဆိုတဲ့ရွာမှာ ၂ နာရီခွဲတိတိမှာ အဲဒီမှာ ကီလို ၇၀ လောက်နဲ့မောင်းလာတယ်။ မောင်း လာတော့ လူနှစ်ယောက်က ကျနော်တို့ကို ခဲနဲ့ပစ်တယ်။ ပစ်တော့ ရှေ့ကိုတစ်ချက် မှန်ကွဲတယ်။ ဘေးကို တစ်ချက် မှန်ကွဲတယ်။ ပစ်လိုက်တော့ကားက Spiderman ကာဗာလိုမျိုး ဖြစ်သွားတယ်၊ အဲ့တော့ နောက် ကိုထိုင်တဲ့ ကိုညီမင်းညိုကကျတော့ မှန်ကပေါက်ထွက်သွားတော့ သူရဲ့မျက်လုံးအောက်ကို ထိသွားတယ်။ ထိသွားတော့ ကျနော်တို့ ကိုးချက် ချုပ်လိုက်ရတယ်"
အခုအချိန်မှာတော့ ဆရာညီမင်းညိုရဲ့ ဒဏ်ရာက စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ခဲနဲ့အပေါက်ခံရပြီးပြီးချင်း ပစ်ပေါက်တဲ့လူ ၂ ယောက်ကို ရွာထဲလိုက်ရှာပေမယ့် မတွေ့ခဲ့တာကြောင့် ကံတလူ တိုးဂိတ်အကျော်က ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတာမရှိပေမယ့် ဒီလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ရအောင် ခဲနဲ့ပေါက်တဲ့ သူတွေကို ဖော်ထုတ်ပေးဖို့ ရဲစခန်းကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
စာရေးဆရာညီမင်းညိုနဲ့ ကဗျာဆရာ ထွဏ်းသွေးအိမ် တို့ဟာ ရေဦးမြို့နယ် စည်းကြီးကျေးရွာ အထက်တန်းကျောင်း အာစရိယပူဇော်ပွဲ အထိမ်းအမှတ်အနေနဲ့ မနေ့က ကျင်းပတဲ့ စာပေဟောပြောပွဲကို သွားရောက်ခဲ့တာဖြစ်ပါတယ်။