ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းကျေးရွာက အသက် ၇၀ ကျော်အရွယ် အဘွား တစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် ကျန်းမာရေးမကောင်းတဲ့လူငယ်တစ်ဦးဟာ မနေ့က နှစ်ဘက်တိုက်ပွဲဖြစ်နေတဲ့ ကာလအတွင်းမှာပဲ သေဆုံးသွားတာလို့ ရွာသားတွေကပြောပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းက ကျောက်တန်းကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ထီးစွဲကျေးရွာဘက်ကို တပ်မတော်စစ်ကြောင်း တစ်ခုရောက်ရှိလာပြီးနောက် ကျေးရွာသားတွေ အားလုံးနီးပါးဟာ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။
မနေ့ကသေဆုံးသွားတဲ့ အဘွားအိုနဲ့ လူငယ်ကိုတော့ ကျန်းမာရေးမကောင်းတာကြောင့် ပြေးလွှားတိမ်းရှောင်နေရတဲ့အချိန်မှာ တွဲခေါ်သွားဖို့ အခက်အခဲရှိပြီး ရွာမှာပဲချန်ထားခဲ့ရာကနေ အခုလိုသေဆုံးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီနေ့ညနေပိုင်းမှာတော့ ကျေးရွာထဲမှာရှိနေတဲ့တပ်မတော်က ပြန်လည်ထွက်ခွာသွားတာကြောင့် သေဆုံးသူတွေကို ညနေပိုင်းမှာပဲ သဂြိၤုဟ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ရွာသားတစ်ဦးက ပြောပါတယ်။
"စစ်တပ်က ထီးစွဲကိုရောက်တဲ့နေ့ကတည်းက ရွာသားတွေက မနေရဲလို့ ထွက်ပြေးသွားကြတယ်။ အသက်ကြီးတဲ့သူတွေ၊ နေမကောင်းတဲ့သူတွေပဲ ရွာမှာကျန်ခဲ့တာပေါ့။ အဲဒီအထဲမှာ အသက် ၇၀ ကျော်အဘွားကြီး တစ်ယောက် ဆုံးသွားတယ်။ သူကတော့ နေမကောင်းဖြစ်နေတာ။ ပြုစုဖို့ လူလည်းမရှိဘူး။ အဲဒါနဲ့မနေ့က တိုက်ပွဲဖြစ်တော့ ရွာထဲမှာကြောက်လန့်ပြီး သေသွားတယ်။ အဲလိုပြောတယ်။ အသက် တစ်ဆယ်ကျော် မသန်စွမ်းတဲ့ကလေး တစ်ယောက်လည်း ဆုံးသွားတယ်။ မြန်မာ့တပ်မတော်က အခုတော့မရှိတော့ပါဘူး။ သူတို့မရှိတော့လို့ သဂြိၤုဟ်ဖို့အတွက် လုပ်နေကြပါတယ်။ သူတို့မရှိတော့ဘူးဆိုတော့ အနီးအနားမှာ ခိုလှုံနေတဲ့ရွာသားတွေက ရွာကိုပြန်သွားကြတယ်။ သေသွားတဲ့ အဘွားကြီးရဲ့သားလည်း ပါသွားတယ်။ အခုသဂြိၤုဟ်ဖို့အတွက် လုပ်နေကြတယ်"
လုံခြုံရေးအခြေအနေကြောင့် သူ့ရဲ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။
သေဆုံးသွားတဲ့ အသက် ၇၀ ကျော်အရွယ်အဘွားအိုဟာ ရောဂါကြောင့်လား ထိခိုက်တာကြောင့် သေဆုံးတာလားဆိုတာကို တိတိကျကျ မသိရသေးကြောင်းနဲ့ လူငယ်ကတော့ ကိုယ်အင်္ဂါတွေပြတ်ပြီး သေဆုံးတာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
"ကလေးကတော့ လက်နက်ကြီးကျတာထင်တယ်။ ကိုယ်အင်္ဂါတွေပြတ်သွားတယ်လို့ ပြောတယ်။ သူတို့အလောင်း နှစ်လောင်းက ရွာမှာရှိနေတယ်။ အဲဒါကို သယ်ထုတ်ဖို့ ကြိုးစားနေဆဲမှာပဲ တိုက်ပွဲက ရွာထဲရောက်လာတော့ နည်းနည်း အခက်အခဲဖြစ်နေတယ်။ နောက်ဘယ်သူတွေ ကျည်ထိတယ်ဆိုတာကို ဘယ်သူမှမသွားရဲတော့ သတင်းကတိတိကျကျ မသိနိုင်သေးဘူး"
သေဆုံးသွားတဲ့လူငယ်ဟာ ဘယ်သူ့လက်ချက်ကြောင့် သေတယ်ဆိုတာကို RFA က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
မနေ့က မနက် ၉ နာရီလောက်မှာ ထီးစွဲကျေးရွာကနေ ထွက်လာတဲ့ တပ်မတော်စစ်ကြောင်းကို ကျောက်တန်းကျေးရွာရဲစခန်းအနီးမှာ အေအေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အဲဒီစစ်ကြောင်း ရေပုတ်ကျေးရွာဘက်ကို ဆက်သွားရာမှာလည်း နောက်ထပ် မိုင်းခွဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာမှာ နှစ်ဘက်ပစ်ခတ်မှုတွေရှိခဲ့ပြီးနောက် တပ်မတော်က ကျောက်တန်းကျေးရွာထဲမှာ နေရာယူထားသလို ပစ်ခတ်မှုတွေဟာ ဒီနေ့မနက်ပိုင်းအထိ ရှိနေဆဲဖြစ်တယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
"အေအေအဖွဲ့နဲ့ သူတို့က အပြင်မှာ ထိပ်တိုက်တွေ့ပြီးတော့ ပစ်ကြတာလေ။ ကျောက်တန်းရွာရဲ့မြောက်ဘက် မီတာ တစ်ထောင်လောက်မှာ ဖြစ်ကြတာ။ အဲဒါသူတို့ ပြန်ဆုတ်လာပြီးတော့ ရွာကိုပစ်ပြီးတော့ဝင်တယ်။ တပ်ကတော့ အခုရွာထဲမှာရှိတယ်။ ရွာသားတွေကတော့ နီးစပ်ရာကို ထွက်ပြေးကြတာပေါ့။ လုံခြုံတဲ့နေရာတွေကို"
သူ့ရဲ့လုံခြုံရေးအခြေအနေအရ သူ့အမည်ကို ဖော်ပြခွင့်မပြုပါဘူး။
ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကလည်း နှစ်ဘက်တိုက်ပွဲအတွင်း တပ်မတော်ဘက်က အထိအခိုက် အကျအဆုံးရှိပေမယ့် အရေအတွက်အသေးစိတ်ကို စုံစမ်းနေဆဲလို့ပြောပါတယ်။
မနေ့ကစတင်ပြီး ကျောက်တန်းကျေးရွာထဲမှာ တပ်မတော်က အခြေပြုထားပြီး ရွာထဲကနေ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်က ရွာထဲမှာမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိဘူးလို့ ငြင်းဆိုပါတယ်။
“ကျောက်တန်းဆိုတာ ရေစိုးချောင်းရဲ့တောင်ဘက်မှာရှိတယ်။ ကျောက်တန်းရွာမှာ ကျွန်တော်တို့တပ် မရှိဘူး ခင်ဗျ။ ကျွန်တော်တို့တပ်တွေရှိတာသည် ရေစိုးချောင်းရဲ့ မြောက်ဘက်မှာပဲရှိတယ်။ ဒီသတင်းသည် ကျွန်တော် သိရသလောက်ကတော့ နယ်မြေကိုလိုက်ပြီး စုံစမ်းတာကပေါ့နော်။ အေအေက ကျောက်တန်းရွာထဲက ဒေသခံပြည်သူလူထုတွေက ကျွန်တော်တို့တပ်ကို သတင်းပေးတယ်၊ မြန်မာနိုင်ငံရဲကို သတင်းပေးတယ် ဆိုပြီးတော့မှ ဒီကောင်တွေဝင်ပြီးတော့မှ ပစ်တာခတ်တာတွေရှိတယ်လို့ သိရတယ်”
တပ်မတော်ဘက်က ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခက အခုလိုတုံ့ပြန်ပါတယ်။

"အဲဒီမှာ ကျောက်တန်းရွာထဲမှာက ဗမာအစိုးရစစ်တပ်ဘက်ကပဲ ရွာထဲမှာ နေရာယူထားတာ။ ကျွန်တော်တို့ဘက်က ရွာထဲမှာ နေရာယူထားတာမရှိဘူး။ ဆိုတော့သူတို့က ရွာထဲကနေထွက် ပြီးတော့ တိုက်တယ်။ နောက်ရွာထဲက လက်နက်ကြီးတွေတည် ပြီးတော့ ပစ်နေတယ်။ အဲဒါကြောင့်မို့လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်နေကြတာ။ သူတို့လုပ်တဲ့ဥစ္စာကို ဗမာစစ်တပ်က ဝန်ခံရဲတဲ့ သတ္တိသူတို့မှာ မရှိဘူးဗျ။ ပြောမယ်ဆိုလို့ရှိရင် တော်တော်လေးကို သူရဲဘောကြောင်တယ်လို့ ပြောလို့ရတယ်။ စစ်သားဆိုတာ ကိုယ်လုပ်တာကို ကိုယ်ဝန်ခံရဲတဲ့သတ္တရှိရတယ်"
အခုရက်ပိုင်းအတွင်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တပ်မတော်ဘက်က အခုရက်ပိုင်း လူအင်အား၊ လက်နက်အင်အားတွေတိုးချဲ့နေတာကြောင့် တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်လာဖို့ရှိတယ်လို့လည်း ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ရှစ်ခုလောက်မှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေဟာလည်း ခြောက်သောင်းကျော်ရှိနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး ကပြောပါတယ်။