လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဥပဒေတွေနဲ့ တရားစွဲခံရသူ ၂၁၇ ဦးရှိကြောင်း အသံအဖွဲ့ ထုတ်ပြန်
2019.01.04

၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၀၃ မှုရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၂၁၇ ဦးရှိခဲ့တယ်လို့ အသံအဖွဲ့က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အသံအဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံရတဲ့အမှု ၅၃ မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေနဲ့ တရားစွဲခံရတဲ့အမှု ၁၄ မှု၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ပုဒ်မနဲ့ တရားစွဲခံရတဲ့အမှု ၃၆ မှု ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမှုတွေထဲမှာ သတင်းမီဒီယာသမားတွေကို တရားစွဲဆိုခံရတဲ့အမှုပေါင်း ၉ မှုရှိပြီး သတင်းသမား ၁၂ ဦးကို တရားစွဲဆိုခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်းမီဒီယာသမားတွေကို တရားစွဲဆိုခံရတဲ့ အမှုတွေက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ အသရေဖျက်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ ရတာဖြစ်ပါတယ်။
ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူခံရတဲ့အမှုတွေထဲမှာ နိုင်ငံရေးကို ဝေဖန်တာတွေ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဝေဖန်တာ၊ ဥပဒေမဲ့လုပ်ရပ်တွေကို လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားတာတွေနဲ့ ပတ်သက်ပြီး အရေးယူခံရတာက ၅၈ ရာခိုင်နှုန်းရှိတယ်လို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။
အသံအဖွဲ့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေ၊ သတင်းသမားတွေကို ဆက်သွယ်ရေးဥပဒေတွေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေ၊ ငြိမ်းစုစီဥပဒေပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချတာတွေရှိခဲ့ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အသံအဖွဲ့က စစ်တမ်းကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၁၈ ခုနှစ်အတွင်းမှာ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံရတဲ့အမှု ၅၃ မှုရှိခဲ့ပါတယ်။
အဲဒီအမှုတွေထဲမှာ နိုင်ငံရေးကို ဝေဖန်ရေးသားတာ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဝေဖန်ရေးသားတာ၊ ဥပဒေမဲ့လုပ်ရပ်တွေကို ထုတ်ဖော်ရေးသားတာ၊ သတင်းရေးသားတာတွေနဲ့ပတ်သက်လို့ တရားစွဲဆိုခံရတာက ၅၈ ရာခိုင်နှုန်းရှိတယ်လို့ အသံအဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အခုလို အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေကို လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ဒီမိုကရေစီစံနှုန်းတွေနဲ့မညီတဲ့ ဥပဒေတွေနဲ့ တရားစွဲဆို အရေးယူခံရတာတွေ ပိုများလာနေပြီး ဒီဥပဒေတွေကို အမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခက အခုလို ထောက်ပြပါတယ်။
"အဓိကအားဖြင့် ဒီ ၂၀၁၈ ထဲမှာ အမှုက ပိုတက်လာတယ်ဆိုတာကို သွားတွေ့ရတယ်၊ ၂၀၁၇ ခုနှစ်ထဲက ဒီဆက်သွယ်ရေးဥပဒေဆိုရင် ပြင်ဆင်ထားခဲ့တာဖြစ်တယ်၊ သို့သော်လည်း ပြင်ပြီးတဲ့နောက်ပိုင်းမှာ ထပ်ဖြစ်တဲ့အမှုတွေကလည်း ဒီနေ့အချိန်ထိတိုင် မရပ်သေးဘူး၊ ဖြစ်တဲ့အမှုတွေရဲ့ ရာခိုင်နှုန်း ၅၀ ကျော်ဟာလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ပြောဆိုမှုတွေအပေါ်မှာ တရားစွဲဆိုခဲ့တာကို တွေ့ရှိခဲ့ရတယ်၊အဲဒီတော့ ဒီဥပဒေတွေကို စောင့်ကြည့်တယ်ဆိုတာ ဒီဥပဒေတွေဟာ တရားမျှတမှုမရှိဘူး၊ ပြင်ဆင်ဖို့လိုအပ်သေးတယ်ဆိုတာကို အဓိကထား စည်းရုံးလှုံ့ဆော်ချင်တာဖြစ်ပါတယ်"
၂၀၁၈ ထဲမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံရတဲ့အမှုကတော့ ၁၄ မှုရှိခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမား၊ ကျောင်းသားနဲ့ နိုင်ငံရေးသမား စုစုပေါင်း ၃၁ ဦးကို တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီထဲမှာ ကလေးစစ်သား ကိုအောင်ကိုထွေးဆိုရင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုကြတဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လယ်ယာမြေအရေး၊ အလုပ်အကိုင်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုကြတဲ့သူတွေကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုပေါင်းက ၃၆ မှုရှိခဲ့ပြီး တရားစွဲဆိုခံခဲ့ရသူ အရေအတွက်က ၁၂၄ ဦးထိရှိခဲ့တာပါ။
အဲဒီ ၁၂၄ ဦးထဲမှာ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီရဲ့ နှိုးဆော်တိုက်တွန်းရေးမှူး မသဉ္ဇာရွှန်းလဲ့ရည် တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာ ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ မသဉ္ဇာရွှန်းလဲ့ရည်က
"အစိုးရဘက်က စစ်တပ်ဘက်က တစ်သီးပုဂ္ဂလတွေက တရားစွဲဆိုတဲ့ကိစ္စတွေက ဒီဘက်နှစ်တွေမှာ ပိုများလာတယ်၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သူတွေ လူငယ်တွေ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို မကြိုက်တဲ့အာဏာပိုင်တွေ ရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလို တစ်ချိန်တည်းမှာပဲ အရင် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ထက် ၂၀၁၈ မှာ ပိုများလာတယ်ဆိုတာ နောက်တစ်မျိုး ဘာကိုမီးမှောင်းထိုးပြသလဲဆိုတော့ တရားစွဲခံရတဲ့ အရေအတွက် ပိုများလာလေလေ အဲဒါသည် တက်ကြွလှုပ်ရှားတဲ့သူတွေဟာ သူတို့ရပ်တည်ချက်အတိုင်း မှန်ရာကို ပြောဖို့အတွက် မရွံ့မဆုတ် ဆက်တိုက်ပြောလာကြတယ်ဆိုတာကို မီးမောင်းထိုးပြတာလည်းဖြစ်ပါတယ်"
ဒါကတော့ မသဉ္ဇာရွှန်းလဲ့ရည် ပြောသွားတာပါ။
ဒါ့အပြင် ၂၀၁၈ ခုနှစ်ထဲမှာ သတင်းမီဒီယာသမားတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မတွေ၊ နိုင်ငံတော် လျို့ဝှက်ချက် ဖောက်ဖျက်မှု အပါအဝင်၊ အသရေဖျက်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ အမှုက ၉ မှုထိရှိခဲ့ပြီး သတင်းသမား ၁၂ ဦးကို တရားစွဲဆိုခံရတာတွေ ထောင်ဒဏ်ချမှတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့အသံအဖွဲ့ရဲ့ စစ်တမ်းမှာပါရှိပါတယ်။
အခုလို သတင်းမီဒီယာသမားတွေ အရေးယူခံခဲ့ရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တွဲဖက်အတွင်းရေးမှူး ၁ ဖြစ်တဲ့ ဦးမြင့်ကျော်က သူ့အမြင်ကို အခုလို ပြောပါတယ်။
"ဥပဒေကြောင်းအရ ကိုယ့်ဘက်က ခိုင်ခိုင်မာမာဖြစ်အောင် သတင်းကျင့်ဝတ်အရ ခိုင်ခိုင်မာမာဖြစ်အောင် ပိုပြီးတော့သတိထားဖို့လိုလာတယ်၊ လူတွေသိရှိအောင် ရေးသားဖို့ကလည်း မီဒီယာရဲ့ ဝတ္တရား၊ မီဒီယာရဲ့တာဝန်လေ၊ ဒါပေမဲ့ စောစောကပြောတဲ့ အချက်တွေကို ပိုပြီးသတိပြုဖို့ လိုလာလိမ့်မယ်ပေါ့"
မြန်မာပြည်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်နေတဲ့ ဥပဒေပုဒ်မတွေဟာ အနည်းဆုံး ၁၀ ခုနဲ့အထက်မှာရှိနေပြီး အခုလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြီးမားဆုံး အဟန့်အတားဖြစ်နေတဲ့ ငြိမ်းစုစီ ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) လို ဥပဒေတွေ၊ ပုဒ်မတွေကို ဒီအစိုးရသစ်လက်ထက်မှာ ပြင်ဆင်ဖို့လိုနေပြီး ပြင်ဆင်နိုင်မှ မရှိသေးရင် ဒီဥပဒေ ပုဒ်မတွေကို အသုံးချပြီး တရားစွဲဆိုမှုတွေဟာ ဒီ ၂၀၁၉ ခုနှစ်မှာလည်း ပိုများလာနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။