NLD ခေါင်းဆောင်ပိုင်း ပြင်ဆင်ဖွဲ့စည်းမှာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်းကို လူငယ်ခေါင်းဆောင်တွေနဲ့ အစားထိုး ပြင်ဆင်ဖွဲ့စည်းဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

2010.12.18
assk_nld_national_day_305_z.png အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ)၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် (ယာ) တို့ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

NLD ဗဟိုဦးဆောင် ကော်မီတီ (CEC) ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်ပေမယ့် သူတို့အနေနဲ့ ပါတီတာဝန်တွေ ထမ်းဆောင်နိုင်သရွေ့ ဆက်လက် အတူလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ပြင်ဆင် ဖွဲ့စည်းဖို့မရှိကြောင်း AFP သတင်းဌာနနဲ့ သီးသန့် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းရာမှာ ဒီသဘောထားဟာ နေအိမ်အကျယ်ချုပ် မလွတ်ခင်ကတည်းက ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်ကြောင်း RFA ကို အတည်ပြုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် ကတည်းကိုက ကျနော်တို့ ပြန်လည်ပြီး အင်သစ်အားသစ်နဲ့ NLD လှုပ်ရှားဖို့ စဉ်းစားကြပါတယ်။ အဲဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကတည်းက ပြောခဲ့တာက အသက်အရွယ်ကြီး၊ ကျန်းမာရေး ချို့တဲ့နေတဲ့ ကျနော်တို့ ခေါင်းဆောင်တွေကို ထုတ်ပယ်ဖို့ ဘယ်တော့မှ မလုပ်ဘူးတဲ့။ သူတို့က တာဝန်ကျေကျေ လုပ်ခဲ့ဆောင်ခဲ့ ပြီးပြီတဲ့။ အဲဒီတော့ နောင် ပူးပေါင်းလာမယ့် လူငယ်တွေကသာ ကြိုးစားပြီး လုပ်ကြပါလို့ ပြောခဲ့ဖူးပါတယ်”

AFP သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ မြန်မာစစ်အစိုးရအပေါ် ပြည်ပက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဒီကိစ္စကို စစ်အစိုးရနဲ့ စကားပြောရာမှာ အပေးအယူ လုပ်နိုင်တဲ့ ကိစ္စတခုအဖြစ် အသုံးချမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်ရေး တည်ဆောက်မှုဟာ သူ့ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတခု ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရပါတယ်။ သူ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးကတည်းက အတိုက်အခံ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် အတိုက်အခံ အင်အားစုအတွင်း အကွဲအပြဲ ရှိနေဆဲပဲလို့ ပြောကြောင်း သိရပါတယ်။

မိမိတို့ ဒီမိုကရေစီ အင်အားစုတွေဟာ တခုတည်း ပုံစံမျိုးနဲ့ ညီညွတ်မှု မရှိသေးတာ အမှန်ပါ၊ ဒါကလည်း သဘာ၀ ကျပါတယ်၊ လူနှစ်ယောက်မှာတောင် စဉ်းစားတွေးခေါ်မှု မတူနိုင်ပါဘူး။ ဒါပေမယ့် အားလုံးဟာ တူညီတဲ့ ရည်ရွယ်ချက်အတွက် အလုပ်လုပ်နေကြတာပါ။ မတူတဲ့ သူတွေကလည်း သူတို့ရဲ့ မတူတဲ့ ယူဆချက်နဲ့ ရည်မှန်းချက်ကို ရောက်အောင် အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် မိမိတို့ အားလုံး အနေနဲ့ အတတ်နိုင်ဆုံး ညီညွတ်ရေးကို တည်ဆောက်သွားဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။