ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်
2011.06.24

University of Johannesburg
ဒေါ်အောင်ဆန်းစုကြည်ဟာ ယိုဟန်းနက်စဘတ် တက္ကသိုလ်ရဲ့ ရပ်တည်ချက်တွေ ဖြစ်တဲ့ လူသား ဂုဏ်သိက္ခာနဲ့ မတူကွဲပြားမှု အပေါ် လေးစား တန်ဘိုးထားမှု၊ ပညာရေး လွတ်လပ်ခွင့်နဲ့ ပွင့်လင်း မြင်သာမှု အပေါ် အားပေးမှု တို့ကို ကိုယ်စားပြုသူ ဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ လူမှု ဗေဒဌာနမှူး ပါမောက္ခ Rory Ryan က ပြောပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကရဲ့ အထင်ကရ တက္ကသိုလ်ကြီးတခုက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တခု ထပ်မံချီးမြှင့်လိုက်တာဟာ တောင်အာဖရိကအစိုးရအနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် အပြည့်အ၀ ထောက်ခံရပ်တည်လာအောင် တွန်းအားပေးလိုက်တာဖြစ်တယ်လို့ ယိုဟန်းနက်စဘတ်မြို့ အခြေစိုက် မြန်မာပြည် လွတ်မြောက်ရေး လှုပ်ရှားမှု (တောင်အာဖရိက) အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို လိုလားတဲ့ ပညာရှင်တွေ အနေနဲ့ ကြည့်ရင် တောင်အာဖရိက အစိုးရရဲ့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်လောက်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာ့အရေးကို ကန့်ကွက်ခဲ့တဲ့အပေါ် ပညာရှင်များ အပါအဝင် ပြည်သူလူထုက မကျေနပ် ဖြစ်ခဲ့ကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်တယ်ဆိုတာကို အစိုးရကို သိစေချင်ကြတဲ့အတွက် အစိုးရကို ဖိအားပေးတဲ့ သဘောလို့ ယူဆနိုင်ကြောင်း ဒေါက်တာ သိန်းဝင်းက ပြောပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကြီးတွေက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်တာ အခုတကြိမ်နဲ့ ပါဆိုရင် (၃) ကြိမ်ရှိပြီဖြစ်ပြီး၊ ၁၉၉၇ ခုနှစ်က နက်တဲလ် (Natal) တက္ကသိုလ်၊ ၂၀၀၇ ခုနှစ်မှာ ကိတ်ပ်တောင်း(Cape Town) တက္ကသိုလ် နဲ့ အခု ၂၀၁၁ ခုနှစ်မှာ ယိုဟန်းနက် စဘတ် တက္ကသိုလ်တို့က ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ဒီအကြောင်း ယိုဟန်းနက်စဘတ်မြို့ အခြေစိုက် မြန်မာပြည် လွတ်မြောက်ရေးလှုပ်ရှားမှု တောင်အာဖရိက အဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ သိန်းဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |