ချင်းပြည်နယ် ဘယ်ဒေသတွေမှာ ကြွက်တွေ သောင်းကျန်းလို့ သီးနှံခင်းတွေ ပျက်ဆီးပြီး အစားရေစာ ရှားပါးမှု ကြုံတွေ့ခဲ့ရသလဲ ဆိုတာကို ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပူးဗာလီယန် က အာအက်ဖ်အေ ကို ပြောပါတယ်။
"ဘယ်မြို့နယ်မှာ ကြွက်ကျလို့ သီးနှံပျက်ဆီးတယ်ဆိုတာကို မေးမြန်းစုံစမ်းနေတုံး၊ မြို့နယ် NLD တွေကို လိုက်လံ မေးမြန်းနေတယ်။ ဥပမာ- ဖလမ်းတို့၊ တီးတိန်တို့၊ တွန်းဇံတို့ကျတော့ ကြွက်မကျဘူးတဲ့၊ ပုံမှတ်အတိုင်းပါဘဲတဲ့၊ သီးနှံတွေ အောင်မြင်ပြီး ပြဿနာ ဆိုးဆိုးဝါးဝါး မရှိဘူးတဲ့။ အရင်နှစ်တုန်းကတော့ ပြဿနာပေါ်ပေမဲ့ ဒီနှစ်မပေါ်ဘူးလို့ ပြောကြတယ်။ အခု ကျနော် လိုက်ပြီးတော့ မေးမြန်းနေတယ်။ ကန်ပက်လက် ကတော့ သီးနှံ မအောင်မြင်ဘူးတဲ့။ အစာရေစာ ပြတ်လပ်တဲ့သူတွေ ရှိနိုင်တယ် ဆိုပြီးမှ ကန်ပက်လက် ကတော့ အစီရင်ခံတယ်။ မင်းတပ်နဲ့ ပလက်ဝို ကျနော် ဆက်သွယ်တုံးဘဲ။ အဆက်အသွယ် မရသေးဘူး။" ဒီလ (၂၂) ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဌာနချုပ်မှာ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ် စည်းရုံးရေးမှူး တဦးလည်းဖြစ်၊ ပြည်နယ်နဲ့ ဗဟိုအကြား ဆက်သွယ်ရေး တာဝန် ယူထားတဲ့ ပူးဇော်ဘွဲ့ အပါအဝင် ရန်ကုန်မြို့မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အဲဒီကိစ္စကို ဆွေးနွေးခဲ့တာလို့သိရပါတယ်။ ဆွေးနွေးချက်အရ ချင်းပြည်နယ်မှာ အစားရေစာ ရှားပါးမှုကို အသေအချာ လေ့လာပြီး အခြေအနေကို ပြန်လည် တင်ပြကာ နောက်ထပ် ဆွေးနွေး ရဦးမယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ချင်းပြည်နယ် ဥက္ကဌ ပူးဗာလီယန် ကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်းက စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။