ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားရေး ဆောင်ရွက်နေသူ ၇ ဦးကို ဒီနေ့ခေါ်ယူတွေ့ဆုံပြီး အလုပ်သမားတွေရဲ့ လက်ရှိအခြေအနေအရပ်ရပ်ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ NLD သဘာပတိအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဦးသန်းထွန်းတို့လည်း ပါဝင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။

လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာကျင်းပမယ့် ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးတဲ့အခါ မြန်မာ့အလုပ်သမားအခြေအနေတွေ ပြည့်ပြည့်စုံစုံ တင်ပြနိုင်အောင် အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကို ခေါ်ယူမေးမြန်းတာလို့ တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ Labour Solidarity ခေါ် အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ညွန့်က ပြောပါတယ်။

“သူက ဂျီနီဗာ ILO ညီလာခံမသွားခင် အလုပ်သမားရေးနဲ့ ပတ်သက်လို့ သူသဘောထားတချို့ ပြောတာဆွေးနွေးတာပါဗျာ။ အလုပ်သမားတွေ ဘာဖြစ်လို့သပိတ်မှောက် ဆန္ဒပြမှုတွေဖြစ်နေလဲ၊ နောက်ဒီဟာပေါ်မှာ ဘယ်လိုမြင်လဲ။ နောင်အလားလာ စသည့်ကိစ္စ၊ နောက်ကိုယ့်နိုင်ငံထဲမှာ အလုပ်သမားတွေနဲ့ ပတ်သက်လို့ နောင်ကျလို့ရှိရင် ဘယ်လိုအလုပ်မျိုးတွေနဲ့ သင့်တော်မလဲ စတဲ့ကိစ္စတွေကို ဆွေးနွေးတိုင်ပင်တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တော်တော်လေးကို အလုပ်သမားရေးရာကိစ္စနဲ့ ပတ်သက်လို့ ပြည့်ပြည့်စုံစုံ ထဲထဲဝင်ဝင် သိထားတော့ ကျွန်တော်တို့လည်း တော်တော်လေး ဝမ်းသာပါတယ်ဗျာ”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့တွေ့ဆုံခဲ့တဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကတော့ ဦးဇော်ညွန့်အပါအဝင် ရှေ့နေဦးဌေး၊ မအိရွှေစင်ညွန့်၊ ဦးကံမြင့်၊ ဦးညီညီဇော်၊ ဒေါ်ခိုင်ခိုင်တို့ ဖြစ်ကြပါတယ်။

သူတို့အနေနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေ သင့်တင့်မျှတတဲ့ အခြေခံလုပ်ခလစာရရေး ဥပဒေတစ်ခု ပေါ်ထွက်လာအောင်၊ အလုပ်သမားတွေအတွက် ရေရှည်အကျိုးခံစားခွင့်တွေနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်တဲ့ ဥပဒေတွေ ပေါ်ထွက်လာအောင် ဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း ဆိုပါတယ်။

အလုပ်သမားဆိုရာမှာ စစ်တပ်တို့ ရဲတို့လို လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေကလွဲလို့ ကျန် အစိုးရ အရပ်သား ဝန်ထမ်းတွေလည်း ပါဝင်ကြောင်း သတ်မှတ်ထားတယ်လို့ ဦးဇော်ညွန့်က ပြောပါတယ်။