နိုင်ငံရေးအကျဉ်းသားတွေ လွတ်မှ ပိတ်ဆို့မှု ရုပ်သိမ်းမယ်လို့ ဗြိတိန်က ပြော

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးမချင်း အရေးယူပိတ်ဆို့တာတွေ ရုပ်သိမ်းမှာမဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာ အာဏာပိုင်တွေကို ဒီနေ့ သတိပေး လိုက်ပါတယ်။

2012.01.06
assk-william-hague-305 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
NLD

မြန်မာနိုင်ငံမှာ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတာ ထင်ရှားပေမယ့် နိုင်ငံတကာအနေနဲ့ မြန်မာ အာဏာပိုင်တွေအပေါ် ဆက်လက် ဖိအားပေးဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Mr. Hague က ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကန့်သတ်ထားတဲ့ အစီအစဉ်တွေ ရုပ်သိမ်းဖို့ မဆုံးဖြတ်ခင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီထက် ပိုမိုလုပ်ဆောင်တာကို အမှန် တကယ် မြင်တွေ့လိုကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့ အတွက် ဒီအချိန်ထိ ဆောင်ရွက်မှုတွေဟာ လုံလောက်မှု မရှိသေး ကြောင်း Mr Hague က ပြောခဲ့ပါတယ်။

Mr Hague ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ၁၉၅၅ ခုနှစ်ကစလို့ ဗြိတိန် အထက်တန်းတာဝန်ရှိသူတစ်ဦးရဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီမနက်က တွေ့ဆုံတာပါ။ ဒီတွေဆုံပွဲအပြီးမှာ အိပ်မက်တွေ စိတ်ကူးတွေ အကောင်အထည်ဖော်ဖို့ တကယ့်ကို အတော့်ကို ကြိုးစားဆောင်ရွက်ရ ပါမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောပါတယ်။

စိတ်ကူးတွေ အိပ်မက်တွေအတွက် စိတ်ကူးယဉ်နေတာကို မယုံကြည် ကြောင်း၊ စိတ်ထဲမှာကိုက ပန်းတိုင်တစ်ခု ရှိရပြီး အဲဒီပန်းတိုင်ရောက်ဖို့ ကြိုးစားလုပ်ကိုင်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲ အပြည့်အစုံကို ဒေါ်စမ်းစမ်းတင်က စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။